Tuesday, October 6, 2015

RCSS/SSA နယ်မြေအတွင်း မဲဆွယ်စည်းရုံးခွင့် ပြန်လည်ခွင့်ပြု

ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခွင့်ကို ယခုလ (၁)ရက်နေ့မှ စတင်၍ ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း RCSS/SSA ထံမှ သတင်းရရှိသည်။သြဂုတ်လ နောက်ဆုံးသီတင်းပတ်မှ စတင်၍ စက်တင်ဘာလလ (၁၆)ရက်နေ့အထိ RCSS/SSA ထိန်းချုပ်နယ်မြေ ဖြစ်သော ကွန်ဟိန်းမြို့နယ်၊ ခိုလန်မြို့နယ်၊ မိုင်ပွန်မြို့နယ်၊ ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းကြောင့် စက်တင်ဘာလ (၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံးခွင့်များကို ရပ်နားထားရန် ကြေညာချက်တစ်စောင် RCSS/SSA မှ ထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ်ပြန်ပြီး နောက်ပိုင်းတွင် အဆိုပါဒေသများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

“တိုက်ပွဲတွေလည်း မရှိတော့ နယ်မြေ တည်ငြိမ်သွားပြီ ဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးခွင့်ကို ပြန်လည် ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်”ဟု RCSS/SSA ဗိုလ်မှူးကြီးတစ်ဦး ပြောသည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် စက်တင်ဘာလ (၈)ရက်နေ့မှ စတင်၍ ရက်ပေါင်း (၆၀)တိုင်အောင် မဲဆွယ်စည်းရုံးခွင့် ပြုထားသည်။ လက်ရှိအချိန်တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးနေပြီ ဖြစ်သည်။

“တချို့နေရာတွေကျတော့ မဲဆွယ်လို့ ရပါပြီ။ တချို့နေရာတွေကတော့ နည်းနည်းပါးပါး ကျန်နေသေးတယ်။ တချို့နေရာ တွေကတော့ အမိန့်တွေအောက် မရောက်သေးဘူး။ အစိုးရနဲ့ သူတို့နဲ့ ဆွေးနွေးလိုက်တဲ့ အခါကျတော့ ပြေလည်မှု ရသွားပြီးတော့ တိုက်ပွဲတွေလည်း ဆက်မဖြစ်တော့ဘူး။ သူတို့ကလည်း ပြန်ခွင့်ပြုတဲ့အတွက် အခုမဲဆွယ်စည်းရုံးနေပါပြီ”ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

RCSS/SSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုးကောင်း၊ နမ့်စန်၊ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်းဒေသများတွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၂၀၁၅ ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

Messenger News Journal

0 comments:

Post a Comment