Thursday, January 18, 2018

ဇန်နဝါရီ ၃၁ ရက်မှာ ထူးခြားတဲ့လကို မြင်တွေ့ရမယ်





လကိုစောင့်ကြည့်သူတွေဟာ လာမယ့် ဇန်နဝါရီ ၃၁ ရက်မှာ ဖြစ်စဉ်သုံးမျိုးလုံး တစ်ကြိမ်တည်းဖြစ်ပေါ်မယ့် ထူခြားတဲ့ လရဲ့မြင်ကွင်းကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

စင်ကာပူသိပ္ပံပညာဌာနရဲ့ အဆိုအရ အဆိုပါရက်မှာ လရဲ့အရွယ်အစား ပုံမှန်ထက်ကြီးမားမှု (supermoon)၊ လကြတ်မှု (lunar eclipse) နဲ့ အပြာရောင်လ (blue moon) ဖြစ်စဉ်သုံးခုကို တစ်ကြိမ်တည်းမှာ တွေ့ရမှာဖြစ်ပြီး 'super blue total lunar eclipse' လို့ ခေါ်ဝေါ်ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၂ နှစ်ဖြစ်တဲ့ ၁၈၆၆ ခုနှစ်မှာ ထိုသို့ တစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာ လနဲ့ကမ္ဘာ အနီးဆုံးဖြစ်လာတာကြောင့် လကို ပုံမှန်ထက်အရွယ်အစားကြီးစွာ မြင်တွေ့ရမှာဖြစ်ပြီး 'supermoon' လို့ ခေါ်ဝေါ်ကြပါတယ်။

ဒါ့အပြင် ထိုရက်မှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် လကြတ်မှု (lunar eclipse) လည်း ဖြစ်ပေါ်မယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၃၁ ရက်ဟာ လတစ်လရဲ့ ဒုတိယမြောက် လပြည့်ရက်ဖြစ်တာကြောင့် 'blue moon' ဖြစ်စဉ်လည်း ဖြစ်ပေါ်မယ်လို့ ဆိုပါတယ်။

အများအားဖြင့် လတစ်လအတွင်း လပြည့်မှုကို တစ်ကြိမ်သာ ကြုံရလေ့ရှိပေမဲ့ ဇန်နဝါရီလမှာ နှစ်ကြိမ်ကြုံရခြင်း ဖြစ်တယ်လို့ စင်ကာပူသိပ္ပံပညာဌာနက ပြောပါတယ်။

'blue moon' လို့ ခေါ်ဝေါ်ခြင်းမှာ ရှားပါးတဲ့ဖြစ်စဉ်ကြောင့် အမည်သတ်မှတ်ထားခြင်းဖြစ်ပြီး လရဲ့အရောင်ကတော့ အမှန်တစ်ကယ် အပြာရောင်ဖြစ်နေမှာ မဟုတ်ကြောင်းလည်း အဆိုပါဌာနက ဆိုပါတယ်။

လကြတ်မှုကြောင့် ဇန်နဝါရီ ၃၁ ရက်မှာ လရဲ့အရောင်ကို အနီ သို့မဟုတ် ကြေးနီရောင်အဖြစ် မြင်တွေ့ရမယ်လို့ သိပ္ပံပညာဌာနက ပြောထားပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာ မြင်တွေ့ရမယ့် လရဲ့အသွင်အပြင်ကို စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Duwun

0 comments:

Post a Comment