Thursday, January 18, 2018

မြောက်ကိုရီးယား လောင်စာဆီရရှိအောင် ရုရှားက ကူညီနေဟု ကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို


နိုင်ငံတကာက ပိတ်ဆို့အရေးယူထားတဲ့ မြောက်ကိုရီးယားကို လောင်စာဆီ ရရှိအောင် ရုရှားက ကူညီနေ တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆင်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြောက်ကို ရီးယားဟာ အမေရိကန်ပြည်ထောင်စုကိုပါ ရောက်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်နည်းပညာ တိုးတက် လာအောင် နေ့စဉ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။


အလားတူ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ရုံးခန်းမှာ ရိုက်တာသတင်းဌာနကို တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့ရာမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်က တရုတ်ကို ချီးကျူးခဲ့ပြီး ရုရှားကို ပြစ်တင်ခဲ့ပါတယ်။

တရုတ်က မြောက်ကိုရီးယားကို ရေနံနဲ့ ကျောက်မီးသွေး တင်ပို့မှုတွေ ကန့်သတ်ပြီး၊ နိုင်ငံတကာရဲ့ ဆန္ဒကို လိုက်လျောလာအောင် ဖိအားပေးနေချိန်မှာ၊ ရုရှားကတော့ တရုတ်ရဲ့ ဖိအားကြောင့် မြောက်ကိုရီးယားမှာ လစ်ဟာသွားခဲ့ရတာတွေကို လိုက်လံဖြည့်ဆည်းဖို့ လုပ်နေပုံရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရုရှား သမ္မတ Vladimir Putin က နိုင်ငံတကာက မြောက်ကိုရီးယားအပေါ် အရေးယူတာတွေ အားပျော့သွားအောင် လုပ်နေပုံရတယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un နဲ့ ပုဂ္ဂိုလ်ချင်း တိုက်ရိုက်ဆွေးနွေးဖို့ ရှိမရှိ မေးမြန်းရာမှာတော့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဆန္ဒရှိလာနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို တွေ့ဆုံလို့ ပြဿနာကို ဖြေရှင်းနိုင်မလားဆိုကတော့ သိပ်မသေချာဘူးလို့ ဆိုပါတယ်။

RFA

0 comments:

Post a Comment