Thursday, June 21, 2018

မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် လူထုနှင့် ပွင့်ပွင့်လင်းလင်း ချပြတိုင်ပင်မည့်အချိန်ကို ဒေသခံတိုင်းရင်းသားများ မျှော်လင့်စောင့်စားနေ


ကချင်ပြည်နယ် ရှိ မြစ်ဆုံရေကာ စီမံကိန်းအား အစိုးရအနေဖြင့် လူထုနှင့် ပွင့်ပွင့်လင်းလင်း ချပြတိုင်ပင်မည့်အချိန်ကို ဒေသခံတိုင်းရင်းသားများက မျှော်လင့်စောင့်စားနေကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျက်ဆိုင်းခေါင်န် က ဇွန်လ ၂၀ရက် တွင် အကုန်သိသတင်းဌာနကို ပြောကြားလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြစ်ဆုံ ရေကာတာ စီမံကိန်း စာချုပ်အား အများပြည်သူ သို့ချပြမည်ဟု လည်း  ပြောကြားထားသည်။

’’အခုက CPI ကု မ္ပဏီက လူတွေက တရုတ်ပြည်မပြန်သေးဘူး။ရှိနေကြသေးတယ်။ ဒေသခံတွေကို စည်းရုံးတယ်ဆိုတဲ့ စကားလုံးတော့ မသုံးဘူး။အကူအညီပေးတယ်ပေါ့။ သူတို့ ပြည်သူတွေကို အကူအညီပေးတယ်ဆိုပြီး လုပ်နေတာတွေရှိတယ်။ ၀န်ထမ်းလိုင်းခန်းမှာတော့ သူတို့ဝန်ထမ်းတွေနေ နေတုန်းပဲလို့ ဒီလိုတော့ကြားတယ်။ အခုက လူတွေက မျှော်လင့်နေတာပေါ့လေ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်က ဒီမောဆိုမြို့မှာ ပြောသွားတာ၊ သူမဲနိုင်ရင် ချပြမယ် ။ဒီမြစ်ဆုံ စီမံကိန်းစာချုပ်တွေကို ဆိုတာ။ ဒီမှာရှိတဲ့ ၈၀ ရာခိုင်နှုန်းသော လူတွေကတော့ ရေကာတာကို ဆက်မလုပ်စေချင်ကြဘူး။ အဓိက က သူတို့ကို ပွင့်ပွင့်လင်းလင်း အစိုးရက တိုင်ပင်တာ ချပြတာကို လိုချင်နေတာပေါ့’’ဟု ဒေါ်ဂျက်ဆိုင်းခေါင်န်က ပြောသည်။

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံရေကာတာစီမံကိန်းအား ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်မှ ပြည်သူများ၏ ဆန္ဒသဘောထားအရ ၄င်းလက်ထက်တွင် စီမံကိန်းအား ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။

China Power Investment Cooperation နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ကချင်ပြည်နယ် မြစ်ကြီးနားအနီးရှိ မြစ်ဆုံရေကာတာ စီမံကိန်းအား သဘာဝ ပတ်ဝန်းကျင်ပညာရှင်များမှ ရေကာတာ တည်ဆောက်မည့်နေရာမှာ ငလျင်ကြောပေါ် တည်ရှိနေခြင်း၊ ဧရာဝတီမြစ် ပျက်ဆီးသွားနိုင်ခြင်း စသည့် အချက်အလက်များဖြင့် ရေကာတာ မတည်ဆောက်သင့်ကြောင်း ထောက်ပြမှုများ၊ ကန့်ကွက် ဆန့်ကျင်လှုပ်ရှားမှုများ ကို သမ္မတ ဦးသန်းစိန်လက်ထက်တွင် ပြုလုပ်ခဲ့ကြသည်။

’’ဒီအစိုးရလက်ထက်မှာ ကော်မရှင် ဖွဲ့တယ်။ ကော်မရှင် က ဆင်းကြည့်ပြီး အရပ်ဖက် အဖွဲ့အစည်းတွေ ဒေသခံတွေ မေးတယ်။ နောက် ကော်မတီထပ်ဖွဲ့တယ်။  သူတို့က ဒီ ရေကာတာ ဆောက်ရင် ဘာဆိုးကျိုးတွေဖြစ်မလဲ။ ယဉ်ကျေးမှု စသဖြင့်ပေါ့လေ။ ခေါင်းစဉ်ခွဲ ကိုးခုနဲ့ ကော်မတီက မေးမြန်းတာတွေ အချက်အလက်ကောက်တာတွေ  လုပ်သွားတယ်။ ဒီနောက်မှာတော့ လူတွေက ဆုံးဖြတ်ချက် အဖြေထွက်လာမယ် ထင်တာာ။ အခုချိန်ထိ ဒီအတိုင်းပဲ’’ဟု ဒေါ်ဂျက်ဆိုင်းခေါင်န် ကပြောသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment