Wednesday, June 20, 2018

သာကေတ ရေနံပိုက်လိုင်းမှ ရေနံခိုးယူနေမှုမှာ အဖွဲ့လိုက် ခိုးယူနေခြင်းဖြစ်နိုင်ဟု MOGE မှ တာဝန်ရှိသူ ပြော


သန်လျင်မြို့နယ်တွင်ရှိသော  ရေနံပိုက်လိုင်းမှ ရေနံခိုးယူနေမှုမှာ အဖွဲ့လိုက်ခိုးယူနေခြင်းဖြစ်နိုင်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ (MOGE ) မှ တာဝန်ရှိသူက ပြောကြားလိုက်သည်။

သာကေတမြို့နယ် ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနမှ လုံခြုံရေးအဖွဲ့သည် ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနရှိ ရေနံသိုလှောင်ကန်နှင့် အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ သွယ်တန်းထားသောပိုက်လိုင်းတစ်လျှောက် လိုက်လံ စစ်ဆေးခဲ့စဉ် သန်လျင်ရေနံချက်စက်ရုံ မောင်းတံဂိတ်အနီး၌ ရေအောက်မြုပ်နေသော ၁၄ လက်မရှိ ဒီဇယ်ပိုက်လိုင်း၏ အောက်ပိုင်းတွင် အဖွင့်အပိတ် ဘားတစ်ခု တပ်ထားသော အပေါက်တစ်ခုအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှ သာကေတ ပင်မရေနံဖြန့်ဖြူးရေးဌာနသို့ ဒီဇယ်ဂါလံ ၄၈၀,၀၀၀ ပို့လွှတ်ခဲ့သော်လည်း ဂါလံ ၄၇၆,၈၀၀ သာ ရောက်ရှိခဲ့ပြီး တစ်စုံတစ်ယောက်မှ ဒီဇယ်ဂါလံ ၃၂၀၀ အား အဆိုပါ အပေါက်ငယ်မှ ခိုးယူသွားကြောင်း စစ်ဆေးတွေ့ရှိရကာ သန်လျင်မြို့မရဲစခန်းမှ (ပ) ၁၇၄၀/၂၀၁၈၊ ပပက ၆(၁)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ပြောရရင် ရေနံခိုးယူမှုက ဒီတစ်နေရာ တည်းတင် မဟုတ်ဘူး။ နေရာတော်တော်များများမှာ လုပ်နေကြတယ်။ ခိုးယူတဲ့အထဲမှာတော့ ဝန်ထမ်းတွေ မပါဘူး။ ပြီးတော့ အဲဒီ ပိုက်လိုင်းကလည်း နှစ်ပေါင်း ၃၀ ကျော်ပြီး ဘယ်လောက်တောင်ခိုးယူပြီးလဲ မသိဘူး။ အဖွဲ့လိုက်ခိုးယူတာဖြစ်နိုင်တယ်။ ဥပမာ ပြောရရင် အင်အားကြီးတဲ့ အဖွဲ့အစည်း တစ်ခုခုမပါရင် မဖြစ်နိုင်ဘူးလေ။ ရေနံခိုးယူတဲ့ကိစ္စက တော်တော်ဆိုးပါတယ်”ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က  ပြောသည်။

ရေနံထွက်ရှိသည့် မြို့များမှာ ရေနံချောင်း၊ ချောက်၊ ထောက်ရှပင်၊ မြန်အောင်နှင့် မန္တလေးတို့ ဖြစ်ကြောင်း သိရသည်။အဆိုပါရေနံကို ချက်၍ စက်သုံးဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ လေယာဉ်ဆီအဖြစ် ပြောင်းလဲအသုံးပြုကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment