Wednesday, June 20, 2018

ကချင်ပြည်နယ်ရှိ အကျဉ်းထောင်နှစ်ခုကို လူ့အခွင့်အရေး ကော်မရှင် စစ်ဆေး


ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း အကျဉ်းထောင်နှင့် မြစ်ကြီးနား အကျဉ်းထောင်များတွင် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ၊ မရှိကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးနေပြီဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“မနေ့က မိုးညှင်းထောင်ကို စစ်တယ်။ ရေ မလုံလောက်ဘူး။ အစားအသောက် မကောင်းတာတော့ ရှိတယ်။ အခု မြစ်ကြီးနားထောင်ကို စစ်နေတယ် မပြီးသေးဘူး”ဟု ၎င်းက ဆိုသည်။

ထိုသို့အကျဉ်းထောင်နှစ်ခုကို စစ်ဆေးပြီးနောက် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ မိုးကောင်း၊ ဝိုက်မော်၊ ဖားကန့်မြို့များတွင် ဖွင့်လှစ်ထားသည့် လမ်းခွ ဒုက္ခသည်စခန်း၊ မြို့ဦးဒုက္ခသည်စခန်း၊ လိုင်နောင်း၊ ကာမိုင်း၊ လမ်းဝါ ၊ HOST၊​ တံဖရဲ၊ ဂျော် မစပ်၊ နှစ်ခြင်းဘုရားကျောင်း အပါအဝင် ဒုက္ခသည်စခန်း ၁၅ ခုကို သွားရောက်စစ်ဆေးမည်ဖြစ်သည်။

ဒုက္ခသည်စခန်းများ စစ်ဆေးပေးရန် ကချင်ငြိမ်းချမ်းရေး ကွန်ရက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြထားသောကြောင့် ယခုကဲ့သို့ စစ်ဆေးရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့စစ်ဆေးရာတွင် ဒုက္ခသည်စခန်းများရှိ လူငယ်များ၏ ပညာရေးကဏ္ဍ လိုအပ်ချက်များ၊ ကျန်းမာရေးနှင့် အရေးပေါ် အကူအညီများအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ အရေးပေါ် ဖြေရှင်းပေရန် တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

လူ့အခွင့်အရေး ကော်မရှင်၏ ကချင်ပြည်နယ် ခရီးစဉ်သည် ဇွန်လ ၁၇ ရက်မှ ၂၃ ရက်ထိဖြစ်သည်။

ကချင်၊ ရှမ်း၊ ကရင်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၅ ခုတွင် ဒုက္ခသည်စခန်း ၁၄၀၊ လူ ၁၆၀,၀၀၀ ကျော်ရှိပြီး အဆိုပါ ဒုက္ခသည်စခန်းများ ပိတ်သိမ်းရန် မဟာဗျူဟာ စီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၂ ရက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

The Voice

0 comments:

Post a Comment