Thursday, June 21, 2018

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာခေါင်းဆောင်အသတ်ခံရ


ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိပြီး ARSA အကြမ်းဖက်အဖွဲ့ကို ဝေဖန်လေ့ရှိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တစ်ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းက ဒုက္ခသည်စခန်းထဲမှာ အသတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နယ်ခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး Benar News သတင်းဌာနက ဇွန်လ ၁၉ ရက်မှာ သတင်းဖော်ပြပါတယ်။

အသတ်ခံရတဲ့ ရိုဟင်ဂျာခေါင်းဆောင်ဟာ ကောက်ဘဇားခရိုင်ထဲက ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၂ ခေါင်း ဆောင် အာရီဖူလာ ဖြစ်တယ်လို့ ခရိုင်နယ်မြေခံရဲစခန်းအရာရှိ မိုဟာမက် အဘူလ် ခါယာက အတည်ပြုပါတယ်။

ရဲတပ်ဖွဲ့ဟာ အာရီဖူလာကို သတ်ခဲ့တဲ့လူသတ်သမားတွေကို ဖော်ထုတ်နေပြီလို့ သူက ပြောပါတယ်။ ဒါ့ပြင် အာရီဖူလာဟာ အရင်တုန်းကလည်း အသက်အန္တရာယ်ပြုခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေခံခဲ့ရဖူးတယ်လို့ သူက ထပ်ပြောပါတယ်။

အာရီဖူလာဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လက လူ ၁၂ ဦးထက်မနည်းသေဆုံးစေခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို တိုက်ခိုက်မှုရဲ့လက်သည်ဖြစ်သလို မြန်မာနိုင်ငံအစိုးရရဲ့ အကြမ်းဖက်အဖွဲ့အဖြစ်လည်းသတ်မှတ်ခံထားရတဲ့ Arakan Rohinga Salvation Army (ARSA) အဖွဲ့ကို ပွင့်ပွင့်လင်းလင်းဝေဖန်သူဖြစ်တယ်လို့ ဒုက္ခသည်စခန်းထဲက သတင်းရင်းမြစ်တွေကို ကိုးကားပြီး Benar သတင်းမှာဖော်ပြပါတယ်။

ဒါ့ပြင် အာဖူရီဟာ သူ့ရဲ့ဘာသာစကားစွမ်းရည်ကြောင့် ဒုက္ခသည်စခန်းထဲကို နိုင်ငံခြားသံတမန်တွေလာရောက် ကြည့်ရှုတဲ့အခါ သံတမန်တွေနဲ့အတူတွေ့ရတတ်သူလည်းဖြစ်တယ်လို့ ဒေသန္တရအရာရှိ မိုဟာမက် နီခါရုဇာမန် ချောင်ဒရီ ကပြောပါတယ်။

အာဖူရီအသတ်ခံရမှုဟာ ဒုက္ခသည်စခန်းထဲ တစ်ဦးကို တစ်ဦးမနာလိုမှုဖြစ်ရပ်တွေကို မီးမောင်းထိုးပြရာရောက်တယ်လို့ဒုက္ခသည်စခန်းခေါင်းဆောင်တွေက ပြောပါတယ်။

အာဖူရီအသတ်မခံရခင် တစ်ရက်အလိုတုန်းကလည်း ဒုက္ခသည်စခန်းတစ်ခုထဲက အဖွဲ့နှစ်ဖွဲ့ ရန်ဖြစ်ခဲ့လို့ ရိုဟင်ဂျာဒုက္ခသည် ၁၀ ဦး ဒဏ်ရာရပြီး ၂ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ကောက်ဘဇားခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲကပြောထားပါတယ်။

ကိုဇေယျာ
The Fifth Wave News

0 comments:

Post a Comment