Thursday, June 21, 2018

ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားနိုင်ရန် ဆွေးနွေးမည်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မြောက် အစည်းအဝေးတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားနိုင်ရန်အတွက်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

“မြောက်ပိုင်းအဖွဲ့တွေနဲ့ပတ်သက်လို့ကတော့ အစိုးရပိုင်းမှာ ပြန်ဆွေးနွေးရအုံးမယ်။မူလအတိုင်းဖိတ်ကြားဖို့တော့မှန်းတယ်။ သို့သော် နှစ်ဦးနှစ်ဖက်သဘောထားတွေပြန်ညှိပြီးတော့ဖိတ်မှာဖြစ်တယ်။မြောက်ပိုင်းအဖွဲ့တွေ ကတော့ ဖိတ်မှာပါ။ အကုန်လုံးပါမပါတော့ ပြန်ညှိရအုံးမှာပါ” ဟု ဦးဇော်ဌေးကပြောသည်။

မြောက်ပိုင်း ၇ ဖွဲ့တွင် ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်(UWSA)အပါအ၀င် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်-မိုင်းလားတပ်ဖွဲ့(NDAA)၊ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်- ကိုးကန့်တပ်ဖွဲ့(MNDAA)၊ရက္ခုင့်တပ်မတော်(AA) စသည့်အဖွဲ့များပါဝင်သည်။

အဆိုပါ ၇ ဖွဲ့သည် ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေးတွင် အထူးဖိတ်ကြားခံရသူများအနေဖြင့် တက်ရောက်ခဲ့ကြသည်။

" နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ကျွန်တော်တို့ အစိုးရဘက်က တင်ပြထားပြီးပြီ တပ်မတော်ဘက်က အကြီးအကဲတွေတက်ရောက်နိုင်ဖို့ကိုမေးမြန်းထားတယ်။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးတော့ ပြေလည်တဲ့ရက်ကို ကျင်းပသွားမှာပါ”ဟု ဦးဇော်ဌေး က ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ၃ ရက်ကြာကျင်းပပြုလုပ်ခဲ့သည့် အစိုးရ၊လွှတ်တော်၊တပ်မတော် အစုအဖွဲ့ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးဇော်ဌေးမှ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံအစည်းအဝေးအား ဇူလိုင်လ ၁၀ ရက်ဝန်းကျင်အတွင်း ကျင်းပရန် လျာထားသည်။

၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်အစည်းအဝေးအား ၂၀၁၆ ခုနှစ်သြဂုတ်လတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၇ ခုနှစ်မေလ တွင် ကျင်းပခဲ့သည်။

ယဉ်ကေနွယ်
The Fifth Wave News

0 comments:

Post a Comment