Wednesday, June 20, 2018

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းမှာ ရပ်ဆိုင်းခြင်းမရှိဘဲ ၀န်ကြီးဌာနအချင်းချင်း ညှိနှိုင်းနေပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် မကြာမီ တင်ဒါခေါ်ယူမည်


ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား ရပ်ဆိုင်းခြင်းမရှိဘဲ၊ ၀န်ကြီးဌာနအချင်းချင်း ညှိနှိုင်းနေပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် မကြာခင် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ညှိနှိုင်းနေပြီး ညှိနှိုင်းမှုများပြီးစီးပါက တံတားတည်ဆောက်ရေး လုပ်ငန်းများ စတင်သွားမည်ဟု သိရသည်။

“အခုလောလောဆယ်ဆယ် ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ တံတားတည်ဆောက်ရေး ဒီဇိုင်းကို အပြီးသတ် ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းမှုတွေပြီးရင် တံတားတည်ဆောက်ရေးကို စတင်သွားမှာပါ။ ၀န်ကြီးဌာန အချင်းချင်း ညှိနှိုင်းနေတာနဲ့ တစ်ပြိုင်နက် တင်ဒါခေါ်မယ့် လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်နေပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ဇွန် ၂၀ ရက်က ပြောကြားသည်။

အဆိုပါ ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးမှာ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် ကိုရီးယားနိုင်ငံမှ ပေးအပ်သည့်ချေးငွေဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးအား အမြန်ဆုံး အကောင်ထည်ဖော်ရန်အတွက် ဇွန် ၁၇ ရက်က ပြည်သူတစ်ထောင်ကျော် ပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲအား ဒလမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ တံတားတည်ဆောက်ရန် လွန်ခဲ့သည့်ခြောက်နှစ် ကတည်းက သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ တည်ဆောက်ခြင်း မရှိသေးခြင်း၊ တံတားတည်ဆောက်ရန် ဆိပ်ကမ်းလုပ်ငန်းရှင် အချို့နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်ဟု ခံစားနေရသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ဒလမြို့ခံများက ပြောကြားခဲ့သည်။

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ကန့်ကွက်ခြင်းမရှိဘဲ ဆိပ်ကမ်းလုပ်ငန်းများအား ထိခိုက်မှုမရှိသည့် တံတား ပုံစံတည်ဆောက်ရန်သာ အကြံပြုခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ဇွန် ၁၁ ရက်က ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က “ဒလ မြစ်ကူးတံတား တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ကန့်ကွက်ခဲ့တာ မရှိပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တံတားတည်ဆောက်ရေးအတွက် ၂၀၁၂ ခုနှစ်ကစပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဒလတံတားက ဆိပ်ကမ်းလုပ်ငန်းတွေ လုပ်နေတဲ့ရေပြင်ဧရိယာကို ကန့်လန့်ဖြတ်ပေါ်ထွက်လာမှာဖြစ်လို့ ပင်လယ်ကူးသင်္ဘောတွေဝင် ထွက်သွားလာပြီး ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်တဲ့နေရာမှာ ထိခိုက်မှုမရှိသည့် တံတားပုံစံမျိုးကို တည်ဆောက်ဖို့သာ အကြံပြုခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရွှန်းလဲ့ဝင်း
Eleven Media Group

0 comments:

Post a Comment