Thursday, November 1, 2018

ထောက်ခံပွဲများသည် တပ်မတော်နှင့် ပြည်သူတစ်သားတည်းရှိကြောင်းပြယုဂ်ဖြစ် ထိုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်ဟု တပ်ချုပ်ပြော


ပြည်ပနိုင်ငံအချို့နှင့် အဖွဲ့အစည်းအချို့က မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုပြီး ပြည်တွင်း ရေးကို စွက်ဖက်မှုများရှိနေချိန်တွင် တပ်မတော်အပေါ် ထောက်ခံပွဲများက တပ်မတော်နှင့် ပြည်သူတစ်သားတည်းရှိ နေသည်ဆိုသည့် ပြယုဂ်ဖြစ်ကြောင်းနှင့် ထိုအစဉ်အလာ ကောင်းကို ဆက်လက်ထိန်းသိမ်းကြရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ 
အောက်တိုဘာ ၃၁ ရက်က နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာန ချုပ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ ၂၀၁၈ ဒုတိယနေ့အစည်းအဝေးတွင် မြန်မာ နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၏ နာယကလည်းဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်းအချို့သည် မိမိတို့ နိုင်ငံ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြု ပြီး ပြည်တွင်း ရေးကို ၀င်ရောက်စွက်ဖက်လျက်ရှိသည်ကိုလည်း အားလုံး အသိပင်ဖြစ်ကြောင်း၊ ထိုသို့ ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်း အချို့က မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်ပြီး တစ်ဖက်သတ် ပုတ်ခတ်မှုများကို အမြို့မြို့အနယ်နယ်တွင် ရှိသည့် အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် ပြည်သူများက မိမိတို့နိုင်ငံ၏အချုပ်အခြာ အာဏာထိပါးမှုကို ဆန့်ကျင်ပြီး တပ်မတော်၏ဆောင်ရွက်ချက်များအပေါ် ထောက်ခံပွဲများ ပြုလုပ်နေ သည်ကို တွေ့ရကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူအပေါ် ထားရှိသည့်တပ်မတော်၏ စစ်မှန်သော သဘောထားများကို သိရှိပြီး တပ်မတော်နှင့် ပြည်သူတစ်သား တည်းရှိသည်ဆိုသည့် ပြယုဂ်ပင်ဖြစ်ကြောင်း၊ ဒီလိုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း" ၎င်းက ပြောကြားသည်။ 

စစ်မှုထမ်းဟောင်းအဖွဲ့ဆိုသည်မှာ ကာကွယ်ရေးအတွက် အပျော်တမ်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းမဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက် တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အားထားရသည့် အဖွဲ့အစည်းပင် ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။ 

ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် တပ်မတော်အပေါ် ကုလသမဂ္ဂ UN အပါအ၀င် အနောက်နိုင်ငံများက ဖိအားပေးမှုများ ရှိနေပြီး ဥရောပသမဂ္ဂ EU ကလည်း စီးပွားရေးနှင့် ပတ်သက်သည့် အထူးအခွင့်အရေးများနှင့် စပ်လျဉ်း၍ စဉ်းစားသုံးသပ်မှုများ ရှိနေသည်။ 

ထိုသို့ ဖိအားများရှိနေချိန်တွင် တစ်ဖက်က တပ်မတော်အပေါ် ထောက်ခံကြောင်း ဆန္ဒပြပွဲများကို မြန်မာနိုင်ငံရှိ မြို့အချို့တွင် ပြုလုပ်နေသလို ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဆရာတော် ဦးဝီရသူ၊ ဦးဝင်းကိုကိုလတ်တို့ ပါဝင်သော အမျိုးသားရေး အင်အားစုများက အောက်တိုဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည်။ 

အချိန်ကာလအလျောက် အသက်အရွယ် ကြီးရင့်လာသော်လည်း မိမိတို့၏ အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ရှင်သန်လျက်ရှိရန် အထူးလိုအပ်ကြောင်း စစ်မှုထမ်း ဟောင်းအဖွဲ့အထူးညီလာခံတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းလျက်ရှိရာတွင်တပ်မတော်သည် တစ်တပ်တစ်အား ပူးပေါင်းပါဝင်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၁အတိုင်း နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အစဉ်လေးစားလိုက်နာလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

သတင်း - အလင်းဒီ
The Standard Time Daily 

0 comments:

Post a Comment