Thursday, November 1, 2018

YBS ပေါ်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၆)ဦး ဖမ်းမိ



YBS ခရီးသည်တင် ယာဉ်လိုင်းများပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ ခရီးသည်အသွင်ဖြင့်လိုက်ပါစီးနင်းပြီးခါး ပိုက်နှိုက်မှုကျုးလွန်သူများ ဖမ်းဆီးရမိရေးဆောင်ရွက်ရာ လူခြောက်ဦးပါဝင်သော ခါးပိုက်နှိုက်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

လသာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၁၁း၃၀ အချိန် YBSယာဉ်လိုင်းအမှတ်(၅၈)ပေါ်တွင် အသွင်ယူလိုက်ပါ စီးနင်းလာစဉ် ယခင်က ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူများဖြစ်သည်သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာနေ မိုးမြင့်ငြိမ်း၊ ၂၄နှစ်၊ သုံးခွမြို့နယ်၊ လက်ကောကျေးရွာနေကိုသူ(ခ)သူရ၊ ၁၉နှစ်၊ လှိုင်သာယာမြို့နယ် နေသူများဖြစ်သည့် (၁၅)ရပ်ကွက်၊ သဇင်(၁) လမ်းနေ မောင်မောင်၊၂၀နှစ်၊ (၁၆)ရပ်ကွက်၊ ထွန်းသီရိလမ်းနေ တင်မျိုးဇော်၊၂၁နှစ်၊ (၁၅) ရပ်ကွက်၊ စွယ်တော်လမ်းနေ ၀င်းထွဋ်(ခ)ဂျပု၊၄၁နှစ်၊(၁၈)ရပ်ကွက်၊ ရွှေရင်အေးဈေးလမ်းနေဇေယျာမြင့်(ခ)ဟူစိန်၊၂၇နှစ်၊ တို့(၆)ဦးအား တွေ့ရှိသဖြင့် လသာမြိုမရဲစခန်းသို့ခေါ် ဆောင်၍ကိုယ်တွင်ရှာဖွေခဲ့သည်။

မိုးမြင့်ငြိမ်းထံမှ Huawei အမျိုးအစားရွှေရောင်လက်ကိုင်ဖုန်း(၁)လုံး၊ တင်မျိုးဇော်ထံမှOPPOအမျိုးအစားအနီရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ဇေယျာမြင့်(ခ)ဟူစိန်ထံမှ Huawei အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း(၁)လုံး နှင့် MyPhoneအမျိုးအစားကီးပက် ဖုန်း(၁)လုံး၊ ကိုသူ(ခ)သူရထံမှ honor အမျိုးအစားရွှေရောင် လက်ကိုင်ဖုန်း(၁)လုံး၊ မောင်မောင်ထံမှ အနက်ရောင်ပိုက်ဆံအိတ် အတွင်းထည့်ထား သည့်ငွေစက္ကူရောရာ (၁၈၀၀၀) ကျပ်တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

၎င်းတို့(၆)ဦးအား ရဲတပ်ဖွဲ့မှ စစ်မေးရာ အောက်တိုဘာ ၃၀ရက်နေ့ နံနက် ၈နာရီအချိန်တွင် ၎င်းတို့သည် YBSယာဉ်လိုင်းအမှတ် (၅၇)အား သခင်မြပန်းခြံမှ စတင်စီးနင်းလိုက်ပါခဲ့ကြောင်း၊ ကားပေါ်တွင်(၄)ဦးမှ လူကာပေးပြီး ကျန်(၂)ဦးက ခရီးသည်များထံမှ လက်ကိုင်တယ်လီဖုန်း မျိုးစုံ(၅)လုံးအားနှိုက်ယူပြီး မဟာဗန္ဓုလပန်းခြံအရောက်တွင် ကားပေါ်မှဆင်းခဲ့ကြောင်း၊ထို့နောက် အနော်ရထာ လမ်းနှင့်(၃၆)လမ်းကားမှတ်တိုင်မှ YBS ယာဉ်လိုင်းအမှတ်(၅၈)အား လိုက်ပါစီးနင်းခဲ့ပြီးခရီးသည် တစ်ဦးထံမှ အနက်ရောင် ခေါက်ပိုက်ဆံအိတ်(၁)အိတ်အား ထပ်မံ နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ မိုးမြင့်ငြိမ်း အပါအဝင်(၆)ဦးကို လသာမြိုမရဲစခန်း တွင်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း နှင့် ၎င်းတို့ အခြားခါးပိုက်နှိုက်မှုများ ကျုးလွန်ထားခြင်းရှိ၊ မရှိစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


0 comments:

Post a Comment