Friday, July 3, 2020

COVID-19 ကုသဆေး remdesivir အလုံအလောက်စုဆောင်းထားပြီး ဗြိတိန်နှင့် ဂျာမနီထုတ်ပြန်

COVID-19 ကုသရာတွင် အတော်လေးကိုထိရောက်သည်ဟု ပထမဆုံးသတ်မှတ်ခံထားရသည့် remdesivir အလုံလောက်အစုဆောင်းထားကြောင်း ဗြိတိန်နှင့် ဂျာမနီတို့က ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Gilead ဆေးကုမ္ပဏီက ထုတ်လုပ်ထားသည့် remdesivir ဆေး ၉၂ ရာခိုင်နှုန်းကို စက်တင်ဘာအကုန်ပိုင်းအထိ ဝယ်ယူမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ယခုအပတ်တွင် ထုတ်ပြန်ခဲ့သည်။ ဆေးကုမ္ပဏီကထုတ်လုပ်ထားသည့် ဆေးပမာဏ ၅၅၀၀၀၀ အနက် ၅၀၀၀၀၀ ကိုဝယ်ယူမည်ဖြစ်သည်။ ကုသမှုတစ်ခုပြုတိုင်း ပျမ်းမျှအားဖြင့် ဆေးဘူးငယ် ၆ ဒသမ ၂၅ ကိုလိုအပ်နေသည်။
Gilead သည် ဖွံ့ဖြိုးပြီးနိုင်ငံများအနက် တစ်ခါသွင်းဆေးဘူးငယ်တစ်လုံးတွင် ဒေါ်လာ ၃၉၀ နှင့် ငါးရက်ဆေးသွင်းကုသမှုအတွက် ဆေးဘူးခြောက်ဘူးအတွက် ဒေါ်လာ ၂၃၄၀ ဈေးသတ်မှတ်ထားသည်။ COVID-19 ရောဂါသည်းလူနာများ ပြန်လည်နာလန်ထမှုမြန်ဆန်ကြောင်း စမ်းသပ်ခန်းတွင်းလေ့လာမှုများအရ သိရှိခဲ့ရပြီးနောက် အမေရိကန်သည် ယင်းဆေးကို ရောဂါသည်းလူနာများတွင် အသုံးပြုရန် မေ ၁ ရက်တွင် ခွင့်ပြုခဲ့သည်။ ဥရောပကလည်း မကြာမီတွင် ခွင့်ပြုခဲ့သည်။
ဗြိတိန်သည်လည်း အဆိုပါဆေးကို သုံးစွဲနေသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။ ဂျာမနီကျန်းမာရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူကလည်း COVID-19 လူနာများကို ကုသရန် remdesivir ဆေး အလုံအလောက်စုဆောင်းထားကြောင်း ထုတ်ပြန်ထားသည်။
Gilead သည် အိန္ဒိယ၊ ပါကစ္စတန်နှင့် အီဂျစ်တို့ရှိ ဆေးကုမ္ပဏီကိုးခုတို့အား ထုတ်လုပ်ခွင့်လိုင်စင်ထုတ်ပေးထားပြီးဖြစ်သည်။ ယင်းဆေးကုမ္ပဏီများသည် ၎င်းတို့ထုတ်လုပ်ထားသည့် remdesivir ဆေးများကို ဖွံ့ဖြိုးဆဲ ၁၂၇ နိုင်ငံသို့ ဖြန့်ချိခွင့်ရမည်ဖြစ်သည်။
Ref ; The Myanmar times

0 comments:

Post a Comment