Thursday, July 30, 2020

ဖီဖာ ဥက္ကဌနှင့် Video Conference တွင် MFF ဥက္ကဌ ဦးဇော်ဇော်ပါဝင်ဆွေးနွေးခဲ့ပြီး ဒေသတွင်း အခက်အခဲများအတွက် ဦးစားပေး ဆွေးနွေးခဲ့ကြောင်းသိရ

မနေ့က မွန်းလွဲပိုင်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဌ အင်ဖန်တီနို၊ အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)၊ အာဆီယံ‌‌ ဒေသ အဖွဲ့ချုပ်များ Video Conference ဖြင့်ကျင်းပသည့် COVID19 ကာလအတွင်း အာဆီယံဒေသ ဘောလုံး လောက တည်ငြိမ်စွာ လည်ပတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဌ ဦးဇော်ဇော် ပါဝင်ဆွေးနွေးခဲ့သည်။
ဆွေးနွေးခြင်းအား ဖီဖာဥက္ကဌ အင်ဖန်တီနိုက ဦးဆောင်ပြုလုပ်ခဲ့ပြီး AFC ဥက္ကဌ ရှိတ်ဆော်လမန်၊ AFC ဒုတိယ ဥက္ကဌ ဦးဇော်ဇော်နှင့် အမှုဆောင်များ၊ အာရှနှင့် အာဆီယံ ဒေသတွင်း နိုင်ငံများမှ အဖွဲ့ချုပ် ဥက္ကဌများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
MFF ဥက္ကဌ ဦးဇော်ဇော်က ဖီဖာသို့ တင်ပြ ဆွေးနွေးရာတွင် COVID19 မိမိနိုင်ငံ၌ စတင်ဖြစ်ပွားသည်နှင့် ချက်ခြင်းပင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ အဖွဲ့ချုပ် တာဝန်ယူ ဆောင်ရွက်နေသည့် အဆောက်အဦများဖြစ်သည့် မြန်မာဘောလုံး အကယ်ဒမီ၊ မြန်မာ့လက်ရွေးစင် အသင်းများ အဆောင် ၃ ခုအား Quarantine Camp များအဖြစ်ထားရှိပြီး စားသောက်နေထိုင်ရေး ကိစ္စ အဝဝကို ဧရာဝတီဖောင်ဒေးရှင်းဖြင့် လက်တွဲဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိ အခြေအနေတွင် ပြိုင်ပွဲများ မကျင်းပနိုင်သဖြင့် ချမ်းသာသော နိုင်ငံများမှအပ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအများစု၏ ဘောလုံးလောက မိသားစုများ အခက်အခဲကြုံနေရကြောင်း၊ အထူးသဖြင့် ကလပ်အသင်းများ ရပ်တည်နိုင်ရေး အခက်အခဲ ကြုံတွေ့နေရပါကြောင်း၊ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် လုပ်ငန်းများထိခိုက်ပြီး ဘောလုံးလောကအား ကျားကန် ထောက်ကူပေးနေသည့် စပွန်ဆာများလည်း အခက်အခဲဖြစ်နေရကြောင်း၊ ဝင်ငွေမရှိချိန်တွင် ကလပ်အသင်းများ ဆက်လက် ရပ်တည်ရန် မလွယ်ကူသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ MFF အနေဖြင့် နိုင်ငံတော် အစိုးရ တာဝန်ရှိသူများထံသို့ ပြိုင်ပွဲများ ပြန်လည်ကျင်းပရေး၊ မြန်မာ့လက်ရွေးစင် အသင်းများ လေ့ကျင့်ရေး တို့ကို ကျန်းမာရေး စံနှုန်းသက်မှတ်ချက် များနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး တင်ပြထားပါကြောင်း၊ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကြိုတင်ပြင်ဆင်မှုများသာ ပြုလုပ်ထားပါကြောင်း၊ COVID19 Relief Loan ချေးငွေဖြင့် ဖီဖာမှ ချေးငွေထုတ်ချေးရာတွင် နိုင်ငံများ အားလုံး တန်းတူ အခွင့်အရေး ရရှိသင့်ပါကြောင်း၊ ကလပ်အသင်းများ ဆက်လက်ရပ်တည် နိုင်ရေး အဓိကထားပြီး ချေးငွေ ပမာဏကို တိုးမြှင့်ပေးစေလိုပါကြောင်းနှင့် အမျိုးသမီး ဘောလုံးလောက ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ရေး အတွက်လည်း ထည့်သွင်းစဉ်းစားပေး‌ လိုပါကြောင်း အကြံပြု ဆွေးနွေးတင်ပြ ခဲ့ပါသည်။
ထို့အပြင် နောင်ကျင်းပသွားမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် အသင်းအရေအတွက် တိုး၍ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ပြုရေး၊ လေးနှစ်တစ်ကြိမ် ကျင်းပနေခြင်းအား ၂ နှစ်တစ်ကြိမ်ကဲ့သို့ ပြန်လည် စဉ်းစားပေးရေး အစရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အခွင့်အရေးအတွက်လည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
"လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲတွေမှာယခင်ထက်ပိုပြီး အကြိတ် အနယ်ရှိပြီးပြိုင်ဆိုင်မှုပြင်းထန်စေဖို့ ပြိုင်ပွဲ၀င်အသင်းတွေ ထပ်တိုးဖို့စီစဉ်‌သွားမှာပါ။ ပြိုင်ပွဲ၀င်အသင်းတွေ တိုးလိုက်ခြင်းအားဖြင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာမှာ ဖြစ်သလို မြန်မာနိုင်ငံအပါအ၀င်နဲ့ အာရှတိုက်အတွက် အခွင့်အရေးတွေ မျှော်လင့်ချက်တွေ ပိုမိုများပြားလာစေမှာဖြစ်ပါတယ်။ အာရှက ၈ သင်းအထိ တိုးချဲ့ပါဝင်ဖို့ ရည်ရွယ်ထားပါတယ်" ဟု ဖီဖာဥက္ကဌက ပြန်လည်ဖြေကြားခဲ့သည်။
Crd : MFF

0 comments:

Post a Comment