Thursday, July 30, 2020

မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေအမှတ် ၁၅၈၅ စင်တီမီတာသို့ ရောက်ရှိပြီး မြေနိမ့်ပိုင်းနေရာများ မြစ်ရေ စတင်ဝင်ရောက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်သည် ရေအမှတ် ၁၅၈၅ စင်တီမီတာသို့ ရောက်ရှိနေပြီး မြေနိမ့်ပိုင်းနေရာများတွင် မြစ်ရေစတင်ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ဧရာဝတီမြစ်ရေဟာ မင်းဘူးမြို့မှာဆိုရင် သတ်မှတ်ထားတဲ့ စိုးရိမ်ရေအမှတ်က ၁၇၀၀ စင်တီမီတာဖြစ်ပါတယ်၊ ယနေ့နံနက် ၆ နာရီခွဲအချိန်ထိ တိုင်းထွာရရှိတဲ့အဖြေ ၁၅၈၅ စင်တီမီတာနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် စိုးရိမ်ရေအမှတ်ရောက်ဖို့ ၁၁၅ စင်တီမီတာ လိုပါသေးတယ်၊ နောက်နှစ်ရက်အတွင်း မင်းဘူးမြို့မှာ ယခုရောက်ရှိနေတဲ့ ရေအမှတ်ထက် တိုးလာဖို့ မရှိနိုင်ဘူးလို့ဘဲ ခန့်မှန်းထားပါတယ်၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက် အခုရေဝင်ရောက်နေတဲ့နေရာတွေကတော့ မြေနိမ့်ပိုင်းဒေသ တွေမှာ ရေဝင်ရောက်မှုသာဖြစ်ပါတယ်” ဟု မင်းဘူးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အုန်းမှ ပြောကြားသည်။
မင်းဘူးမြို့တွင် ယခုလက်ရှိဧရာဝတီမြစ်ရေကို တစ်နေ့သုံးကြိမ်တိုင်းထွာပြီး ရေအမှတ် ၁၆၀၀ စင်တီမီတာသို့ ရောက်ရှိပါက တစ်နာရီကိုတစ်ကြိမ်တိုင်းထွာပြီး ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း၊ မင်းဘူးမြို့၌ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဧရာဝတီမြစ်ရေသည် အမြင့်ဆုံးရေအမှတ်အဖြစ် ၁၅၇၅ စင်တီမီတာအထိသာ ရောက်ရှိခဲ့ကြောင်း အဆိုပါဦးစီးဌာန တိုင်းထွာရေးစခန်းမှ သိရသည်။
Source -မန္တလေး True News

0 comments:

Post a Comment