Thursday, July 30, 2020

ကမ်းခြေလာလည်တဲ့ သူတွေကို တိုင်းအစိုးရက ကူးစက်ဥပဒေနဲ့အရေးယူမည်

ချောင်းသာနဲ့ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းမှာရှိတဲ့ကမ်းခြေတွေဆီ လာရောက်လည်ပတ်သူအားလုံးကို ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည် ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
ဇူလိုင်လ(၃၁) ရက်နေ့ကနေ သြဂုတ်လ(၃) ရက်နေ့အထိ ပိတ်ရက်ဖြစ်တာကြောင့် ကမ်းခြေတွေအပါအဝင် ဘုရားဖူးအစီအစဉ်တွေနဲ့ အလည်အပတ်သွားရောက်ကြဖို့ စီစဉ်ထားကြသူတွေများတာကြောင့် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့က ကမ်းခြေတွေပြန်ဖွင့်နိုင်ဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီကိုတင်ပြထားတယ် အခုထိတော့ အကြောင်းပြန်ကြားလာတာမရှိသေးတာကြောင့် ပြန်ဖွင့်ဖို့ခွင့်ပြုမိန့်မကျသေးတဲ့ကာလမှာ လာလို့မရဘူးပေါ့ဗျာ။ ဟိုတယ်တွေကလည်းလက်ခံလို့မရဘူး အဲတာတွေကိုတော့ မလိုက်နာရင်အရေးယူရမယ့်အနေ အထားပေါ့ဗျာ။”လို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဦးကျော်မြင့်က ပြောပါတယ်။
အခုအချိန်မှာတော့ ချောင်းသာကမ်းခြေနဲ့ငွေဆောင်ကမ်းခြေတို့ကို လာရောက်လည်ပတ်သူတချို့ရှိနေပြီး ခွင့်ပြုမိန့်မရဘဲပြန်ဖွင့်နေတဲ့ ဟိုတယ်တချို့လည်းရှိနေတယ်လို့ သူကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးထဲမှာရှိတဲ့ အများပြည်သူတွေလာရောက် အပန်းဖြေလေ့လာမှုတွေ ပြုလုပ်လေ့ရှိတဲ့ဒေသတွေကို ပြီးခဲ့တဲ့မတ်လကတည်းကစပြီးပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
Ref ; O Media

0 comments:

Post a Comment