
ဇူလိုင်လ ၂၈ ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော်အမတ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် TikTok နှင့်ပတ်သက်၍ ဖိအားပေးမှုများပြုလုပ်ခဲ့ပြီး လူကြိုက်များသော တရုတ်နိုင်ငံပိုင် video application သည် အမေရိကန်ရွေးကောက်ပွဲများတွင် ဝင်ရောက်နှောင့်ယှက်နိုင်မည့်အပေါ် ဖြေရှင်းဆောင်ရွက်ရန် အမေရိကန်အစိုးရ အား တောင်းဆိုခဲ့ပါသည်။  
ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲပါ စာတစ်စောင်တွင် Marco Rubio ၊ Tom Cotton နှင့် အခြားသော ဥပဒေပြုအမတ်များမှ Uighur လူနည်းစုများအပေါ် တရုတ်နိုင်ငံ၏ ဆက်ဆံပုံကို ဝေဖန်ထားသည့် ဗီဒီယိုနှင့် ဆိုရှယ်မီဒီယာ application များတွင် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအပါအဝင် ထိခိုက်လွယ်သော အကြောင်းအရာများနှင့်ပတ်သက်၍ TikTok မှ ဆင်ဆာဖြတ်ထားမှုကို ကိုးကားဖော်ပြခဲ့ပါသည်။ 
အမျိုးသားထောက်လှမ်းရေးဆိုင်ရာ ညွှန်ကြားရေးမှူးရုံး (ODHI) ၊ အမိမြေ လုံခြုံရေးဌာနနှင့် FBI ညွှန်ကြားရေးမှူးထံသို့ ပေးပို့သည့်စာတွင် တရုတ်ကွန်မြူနစ် ပါတီသည် အမေရိကန်နိုင်ငံသားများအကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်စေရန် နှင့် ၎င်း၏ နိုင်ငံရေးအကျိုးရလဒ်များရရှိရန်အတွက် နိုင်ငံရေးအရ ဆွေးနွေးမှုများတွင် ဝင်ရောက်နှောင့်ယှက်ရန် သို့မဟုတ် ခြယ်လှယ်ရန် TikTok အား အသုံးပြုမည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း ဥပဒေပြုအမတ်များမှ ရေးသားဖော်ပြခဲ့ပါသည်။ 
TikTok ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ TikTok သည် နိုင်ငံရေးသတင်း များအတွက် မဟုတ်ကြောင်း၊ ၎င်းတွင် လုပ်ကြံသတင်းများကို တားဆီးရန် တင်းကြပ်သော မူဝါဒများရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးကြော်ငြာများကို လက်မခံကြောင်းနှင့် ကယ်လီဖိုးနီးယားအခြေစိုက် အဖွဲ့တစ်ဖွဲ့မှ ဦးဆောင်သည့် အကြောင်းအရာနှင့်စိစစ်ရေး မူဝါဒများအား မည်သည့်နိုင်ငံခြားအစိုးရမှ လွှမ်းမိုးနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ ပါသည်။ 
အမျိုးသားထောက်လှမ်းရေးဆိုင်ရာ ညွှန်ကြားရေးမှူးရုံး (ODNI) ၏ တာဝန်ရှိသူ တစ်ဦးမှ စာလက်ခံရရှိကြောင်းနှင့် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း FBI နှင့် DHS အနေဖြင့် မှတ်ချက်ပြုပြောကြားရန် တောင်းဆိုမှု အပေါ် တုံ့ပြန်ခဲ့ခြင်းမရှိပါ။ 
Republican ပါတီဝင်များဖြစ်သော အထက်လွှတ်တော်အမတ် Ted Cruz ၊ Joni Ernst Thom Tilis ၊ Kevin Cramer နှင့် Rick Scott တို့မှ တရုတ်နိုင်ငံသည် တရုတ်နိုင်ငံပိုင် ByteDance နည်းပညာကုမ္ပဏီ၏ လူကြိုက်များသော application မှတဆင့် နိုင်ငံရေးအမြင်များချဲ့ထွင်နိုင်ခြင်းနှင့် ဩဇာလွှမ်းမိုးမှုဆိုင်ရာ ဆောင်ရွက်မှုများပြုလုပ် နိုင်ခြင်းရှိ/မရှိ တာဝန်ရှိသူများအား မေးမြန်းခဲ့ပါသည်။ 
TikTok မှတဆင့် တရုတ်ကွန်မြူနစ်ပါတီ၏ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု သက်သေအထောက်အထားများ ပေါ်ထွက်လာပါက ByteDance ကုမ္ပဏီအနေဖြင့် နိုင်ငံခြားရွေးကောက်ပွဲဆိုင်ရာ အမှုဆောင်အမိန့်အရ အရေးယူမှုများကိုလက်ခံနိုင်မည် လားဟု ဥပဒေပြုအမတ်များမှ မေးမြန်းခဲ့ပါသည်။ 

Source : Reuters
 “U.S. Republicans worry China might use TikTok to meddle in election” 
#Myanmar_Online-News
 






 
 
 
 
 
0 comments:
Post a Comment