Wednesday, July 29, 2020

ထိန်းသိမ်းသင့်သော ရှားပါး ဧရာဝတီလင်းပိုင်ကို ကိုယ်တိုင်ဖမ်းခဲ့တယ်ဆိုပြီး Post တင်ခဲ့သူကို အရေးယူနိုင်ဖို့ကြိုးပမ်းနေကြောင်း သိရ

ဧရာဝတီလင်းပိုင်တစ်ကောင်ကို ကိုယ်တိုင်ဖမ်းခဲ့တယ်ဆိုပြီး လူမှုကွန်ယက်ပေါ် Post တင်ခဲ့သူကို အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနတွေကို အကြောင်းကြားထားတယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar) က သိရပါတယ်။
လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Post တင်ခဲ့သူဟာ Zin Ko Tun၊ ပုသိမ်နေရပ်နဲ့ တင်ထားတာဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းသုံး ငါးဖမ်းစက်လှေပေါ်မှာ ရိုက်ထားတာဖြစ်နိုင်တယ်လို့လည်း WCS Myanmar က ခန့်မှန်းထားပါတယ်။
"လှေပုံစံကြည့်ရတာကတော့ ပင်လယ်ကမ်းရိုးတန်းဘက်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ ဧရိယာဘက် ကတော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ငါးလုပ်ငန်းဦးစီးဌာနတွေကို သတင်းပို့ထားတယ်။"လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းမန်နေဂျာ ကိုသန့်စင်က O Media ကို ပြောပါတယ်။
အခုဖြစ်ရပ်ဟာ ၂၀၁၈ ခုနှစ်က ထုတ်ပြန်လိုက်တဲ့ ဇီဝမျိုးစုံ၊ မျိုးကွဲထိန်းသိမ်းရေးဆိုင်ရာဥပဒေအရအရေးယူနိုင်ပြီး ထောင်ဒဏ်(၃)နှစ်ကနေ (၁၀)နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အထူးကာကွယ်ဖို့လိုအပ်နေတဲ့ သတ္တဝါမျိုးစိတ်(၄၉၀)ကျော်၊ နို့တိုက်သတ္တဝါ(၃၉)မျိုးထဲမှာ ဧရာဝတီလင်းပိုင်လည်းပါဝင်နေပါတယ်။
အရင်တုန်းကလည်း လင်းပိုင်တစ်ကောင်ကို (၃)ပိုင်းပိုင်းပြီး ချက်စားတဲ့အမှု မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားခဲ့ပြီးတော့ အင်းပိုင်ရှင်ကို အရေးယူခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ ဧရာဝတီလင်းပိုင်ဟာ မြန်မာနိုင်ငံမှာ အကောင်(၇၀)လောက်ပဲ ကျန်တော့ပြီး ဒီနှစ်ထဲမှာလည်း ဘတ္တရီငါးဖမ်းရှော့တိုက်မှုတွေကြောင့် လင်းပိုင်သားပေါက်တွေအပါအဝင် အရွယ်ရောက်တဲ့အကောင်တွေလည်း သေဆုံးခဲ့ပါတယ်။
ဒါကြောင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားမှုတွေကိုအခုအချိန်မှာ နာမည်ကြီးသူတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်နေကြပါတယ်။
Crd : O'Media

0 comments:

Post a Comment