Friday, July 31, 2020

ကားတစ်စီးအရွယ်ရှိ အမေရိကန်ရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်

အမေရိကန် အာကာသအေဂျင်စီ NASA ရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ကို ဖလော်ရီဒါပြည်နယ် Capee Canaveral အာကာသယာဥ်လွှတ်တင်စခန်းက‌နေ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။
ဇူလိုင် ၃၀ ရက်နေ့ ဒေသစံတော်ချိန် မနက်ပိုင်းမှာ လွှတ်တင်လိုက်တဲ့ အမေရိကန်ရဲ့ အင်္ဂါဂြိုဟ် (Mars) စူး စမ်းလေ့လာရေးယာဥ်ကို Perseverance လို့ အမည်ပေးထားပါတယ်။ Perseverance ဟာ ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိလက္ခဏာတွေကို စူးစမ်းရှာဖွေရေး NASA ရဲ့ အပြင်းပြဆုံး ရည်မှန်းချက်လည်း ဖြစ်ပါတယ်။
SUV ကားတစ်စီးအရွယ်ရှိ စူးစမ်းလေ့လာရေးယာဥ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေရဲ့ ကျောက်ဖြစ်ရုပ် ကြွင်းတွေရှိ မရှိ ရှာဖွေရန် သိပ္ပံဆိုင်ရာကိရိယာကိုလည်း သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ စူးစမ်းလေ့လာရေးယာဥ်ဟာ ခုနစ်လကြာပြီးနောက် အင်္ဂါဂြိုဟ်ရဲ့ အီကွေတာလမ်းကြောင်းအနီး Jezero Crater ချိုင့်ကြီးမှာ ဆင်းသက်မှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းဘီလီယံနဲ့ချီအကြာ အင်္ဂါဂြိုဟ်ပေါ်မှာ ပိုမိုစိုစွတ်တဲ့ ရာသီဥတုရှိခဲ့စဥ်က Jezero နေရာဟာ ရေကန်ကြီးတစ်ခုဖြစ်ပြီး အလွန်သေးငယ်တဲ့ ရှေးခေတ် ပိုမွှားတွေ ရှင်သန်ရေး အထောက်အကူပြုခဲ့တယ်လို့ ဆိုပါတယ်။ Perseverance က အင်္ဂါဂြိုဟ်ပေါ်မှာ ရှေးခတ်ပိုးမွှားများရဲ့ လက္ခဏာတွေကို ရှာဖွေလေ့လာပြီး ဂြိုဟ်ပေါ်မှ ကျောက်တုံးနဲ့ မြေဆီလွှာ နမူနာများကို စုဆောင်းရယူကာ ကမ္ဘာမြေပြင်သို့ ၂၀၃၁ ခုနှစ်မှာ ပြန် လည်ယူဆောင်ရန် ရည်မှန်းထားကြောင်း သိရပါတယ်။
ဇူလိုင်လအတွင်းမှာပင် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ တရုတ်နိုင်ငံတို့ကလည်း အင်္ဂါဂြိုဟ်လေ့လာရေး အာကာသခရီးစဥ်တွေ စတင်ခဲ့ကြပါတယ်။ အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ အနီးဆုံးနေရာကို ရောက်ရှိလာမယ့် အချိန်ကာလကို တွက်ဆပြီး စူးစမ်းလေ့လာရေးယာဥ်တွေ လွှတ်တင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အမေရိကန် အာကာသဆိုင်ရာအဖွဲ့အစည်း NASA ရဲ့ အဆိုအရ ယခုနှစ် အောက်တိုဘာလအတွင်း အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့အနီးဆုံးအဖြစ် ၆၂.၀၇ သန်း ကီလိုမီတာ အကွာအဝေးမှာ ရောက်ရှိနေမယ်လို့ သိရပါတယ်။ ယူအေအီးနိုင်ငံရဲ့ သမိုင်းဝင် ပထမဆုံး အင်္ဂါဂြိုဟ်လေ့လာရေးယာဥ် Hope Probe ကို ဇူလိုင် ၂၀ ရက် မနက်အစောပိုင်းက ဂျပန်နိုင်ငံ Tanegashima Space Center ကနေ လွှတ်တင်ခဲ့ပါတယ်။
ထို့အတူ တရုတ်နိုင်ငံရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသခရီးစဥ်ကို ဇူလိုင် ၂၃ ရက်မှာ စတင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးမစ်ရှင်ကို Tianwen-1 ("Questions to Heaven") လို့ အမည်ပေးထားပြီး အာကာသဒုံးပျံ Long March 5 ဖြင့် နိုင်ငံတောင်ပိုင်း Hainan ကျွန်းကနေ လွှတ်တင်လိုက်ကြောင်း သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment