Wednesday, July 29, 2020

နိုင်ငံအတွင်း အီးစီးကရက်သုံးစွဲခြင်းကို တားမြစ်ပေးနိုင်ရေးအဆို လွှတ်တော်တွင်အတည်ပြု

အီးစီးကရက်ဖြစ်တဲ့ Vape အပါအဝင် တခြားပစ္စည်းတွေနဲ့ Shisha တွေကို ထိန်းချုပ်တားဆီးပေးဖို့နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါပြီ။
ပြီးခဲ့တဲ့ မတ်လ(၆) ရက်နေ့ကကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ရေကြည်မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းကတင်သွင်းခဲ့တဲ့အဆိုနဲ့ ပတ်သက်ပြီး ဇူလိုင်လ(၂၈) ရက်နေ့မှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာပါ။
အဲဒီပစ္စည်းတွေမှာ ဓာတုဗေဒပစ္စည်းမျိုးစုံပေါင်းစပ်ပါဝင်နေတာကြောင့် အန္တရာယ်ရှိပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်သလို ဆေးလိပ်ဖြတ်စက်လို့ကြော်ငြာနေပေမဲ့ အထောက်အကူမပြုတာကြောင့် တားမြစ်ထိန်းချုပ်တားဆီးဖို့အဆိုကို ဒေါက်တာစံရွှေဝင်းက တင်သွင်းခဲ့တာပါ။
ပြီးခဲ့တဲ့မတ်လ(၂၀) ရက်နေ့ကလည်း အကောက်ခွန်ဦးစီးဌာနက အီးစီးကရက် တင်သွင်းခွင့်ပြုဖို့ သင့်/မသင့် သဘောထားမှတ်ချက် တောင်းခံညှိနှိုင်းလာတဲ့အခါမှာလည်း အဲဒီပစ္စည်းတွေတင်သွင်းတာကို မထောက်ခံတဲ့အကြောင်း ပြန်ကြားစာပေးပို့ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဇူလိုင်လ(၂၈)ရက်နေ့ လွှတ်တော်မှာရှင်းလင်းခဲ့ပါသေးတယ်။
အဲ့ဒီအဆိုနဲ့ ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အပါအဝင် လွှတ်တော် ကိုယ်စားလှယ်(၇)ယောက်က ထောက်ခံဆွေးနွေးခဲ့ကြပြီး အဆိုကိုကန့်ကွက်သူမရှိခဲ့တာကြောင့် အတည်ပြုခဲ့တာပါ။

0 comments:

Post a Comment