Thursday, July 30, 2020

AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့မှ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသော ရွာသားတစ်ဦး ရုပ်အလောင်းအား တစ်လကျော်ကြာမှ ၎င်းမိသားစုဝင်များတွေ့ရှိ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် တုန်းမဝကျေးရွာမှ ရွာသားတစ်ဦးကို AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့မှ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ တစ်လကျော်ကြာမှ သေဆုံးသူရဲ့ရုပ်အလောင်းကို မိသားစုဝင်တွေက ရှာဖွေတွေ့ရှိခဲ့ကြသည်။
ပလက်ဝမြို့မှ (၂၀)မိုင်လောက်ကွာဝေးသော တုန်းမဝကျေးရွာနေ အသက်(၆၂)အရွယ် ဦးလှကျော်သည် ၅.၆. ၂၀၂၀ ရက်နေ့ရက်တွင် တုန်းမဝကျေးရွာသားတွေအတွက် ဆန်ရှာဖွေရန် ပီးချောင်းဒေသ သေရိုင်းဖက်သို့ ထွက်သွားရင်းလမ်းမှာ AAတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ၁၇၊ ၀၇၊ ၂၀၂၀ရက်နေ့တွင် မိသားစုဝင်များမှ ၎င်းရုပ်အလောင်းအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဦးလှကျော်ဟာ တုန်းမဝကျေးရွာသားတွေ ဝမ်းရေးအတွက် ဆန်ရှာဖွေရန် ဇွန်လ (၅)ရက်နေ့က ပီးချောင်းဒေသ သေရိုင်းဖက်သို့ထွက်သွားရင်းလမ်းမှာ AA အဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားတာကို မျက်မြင် သက်သေတွေ့ရှိသူ ဦးအိုက်စိုးဆီမှတဆင့် ဦးကျော်လှ မိသာစုဝင်တွေကသိခဲ့ရတယ်လို့ ကျမတို့လည်းကြား သိရပါတယ်” ဟု KACC ခေါ် ခူမီးချင်းမျိုးနွယ်စုပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ ကောင်စီ၏ ပြောရေးဆို ခွင့်ရှိသူ မိုင်းနန်းဝေကပြောသည်။
ဦးလှကျော်ရဲ့ရုပ်အလောင်းကို ရွာကနေ(၁၀)မိုင်ကျော်လောက်ကွာဝေးသော ငါးပျံချောင်းဝကမ်းနဘေးမှာ ၎င်းမိသားစုဝင်တွေမှ ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏ အဝတ်အစားမှ ၎င်းရုပ်အလောင်းဖြစ်ကြောင်းကို အတည်ပြုခဲ့ရကြောင်း၊ ခန္တာကိုယ်တွေမှာ အားလုံးစုတ်ပြတ်နေပြီး မှတ်မိရခက်နေပြီဟုလည်း ပလက်ဝမြို့နေ ဦးလှကျော်နှင့် ဆွေမျိုးတော်စပ်သူ ဦးအောင်ကျော်က ပြောဆိုပါသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ဦးဆောင်ပြီး ပလက်ဝမြို့ရှိ အာဏာပိုင်များထံသို့တင်ပြပြီးမှ ဦးလှကျော်ဟာ AA အကြမ်းဖက်အဖွဲ့လက်ထဲမှ ကျန်းမာစွာပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ကြိုးစားခဲ့ရသော်လည်း ပြန်လည်ကယ်နိုင်ခြင်းမရှိဘဲ နောက်တလကျော်အကြာမှာ သူ့ရုပ်အလောင်အားဖြင့်သာ မိသာစုဝင်တွေက ရှာဖွေတွေ့ရှိရကြောင်း မိုင်းနန်းဝေက ဆက်ဆိုသည်။ဦးလှကျော်သည် တုန်းမဝကျေးရွာအတွက် ပရဟိတလုပ်ငန်းတွင် အဓိကလှုပ်ရှားပေးသူ တစ်ဦးဖြစ်ပြီး သားသမီး(၄)ယောက်၊ မြေး(၂)ယောက်နှင့် ဇနီးသည် တို့ကျန်ရစ်ခဲ့ပါသည်။
၂၀၁၅ခုနှစ်၊ မတ်လကတည်းက ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း AA အဖွဲ့မှတိုက်ပွဲများ ဖန်တီးလျှက်ရှိရာ ယခုအအချိန်အထိ အပြစ်မဲ့ဒေသခံပြည်သူ စုစုပေါင်း(၄၅)ဦးသေဆုံးခဲ့ရပြီး ရွာသား (၁၂) ဦးက အစအနပျောက်ဆုံးနေလျှက်ရှိကြောင်း သတင်းရရှိသည်။
Ref ; May Yu Htar Nay

0 comments:

Post a Comment