မုဒုံမြို့နယ်အတွက် NLD ပါတီ ဗဟိုမှ ရွေးချယ်ပေးထားသည့် ကိုယ်စားလှယ်လောင်းများအား ပြန်လည်စိစစ်ရွေးချယ်ပေးရန် လက်မှတ်ထိုး Campaign ပြုလုပ်ရာ လက်မှတ်ပေါင်း ၁၃၀၀ နီးပါးစုဆောင်းရရှိကြောင်း အဆိုပါ လှုပ်ရှားမှုပြုလုပ်သူများထံမှ သိရသည်။
"မနေ့က ပြုလုပ်ခဲ့တဲ့ လက်မှတ်ထိုး Campaign မှာ လက်မှတ်ပေါင်း ၁၃၀၀ နီးပါးရရှိခဲ့ပါတယ်။ ဒါတွေကို NLD ပါတီ ဗဟိုက တာဝန်ရှိသူတွေထံ တင်ပြပေးသွားပါမယ်"ဟု အဆိုပါလှုပ်ရှားမှုမှာ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုဇော်မင်းဦးက ပြောသည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မုဒုံမြို့နယ်မှ ဝင်ရောက်အရေးချယ်ခံကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများမှာ အမျိုးသားလွှတ်တော်နေရာအတွက် ဒေါ်တင်မွန်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ဦးစောထွန်း၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) နေရာအတွက် ဦးထွန်းကြည် နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) ရောအတွက် ဒေါက်တာဘုန်းဝေဦးတို့ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
NLD ပါတီ ဗဟိုအနေနှင့် ကိုယ်စားလှယ်လောင်းရွေးချယ်သည့်အပေါ်မှာ ပြန်ပြီးတော့ စိစစ်ပေးစေချင်ကြောင်း၊ မုဒုံမြို့နယ်က ပိုဆိုးတာက ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အခါမှာ မြို့မိမြို့ဖ သုံးဦးက သ ဘောထားကွဲပြီး နုတ်ထွက်ကြောင်း၊ ဒီလိုအနေအထားမျိုးနှင့် ဖြစ်လာသည့်အပေါ်မှာ မြို့ခံပြည်သူအများစုက တကယ်မခံစားနိုင်ကြောင်း ကိုဇော်မင်းဦးက ဆိုသည်။
"နောက်ပြီး ကျွန်တော်တို့ မမျှော်လင့်ထားတဲ့ ကိုယ်စားလှယ်တွေလည်းပြန်ပါလာတယ်။ ကျွန်တော်တို့မျှော်လင့်ထားတဲ့လူ၊ ပါလို့၊ မပါလို့ပြောတာမဟုတ်ဘူး။ NLD ပါတီ ဗဟို ရဲ့ဆုံးဖြတ်ချက်က ပြည်နယ် EC ကနေရွေးပေးလိုက်တဲ့ ကိုယ်စားလှယ်တွေဘဲလို့ကျွန်တော်က မြင်တယ်။ ဒါကို ပါတီဗဟိုကလည်း သိမှာမဟုတ်ဘူးလို့ထင်ပါတယ်"ဟု ကိုဇော်မင်းဦးက ဆက်ပြောသည်။
လာမည့် ရွေးကောက်ပွဲအတွက် မုဒုံမြို့နယ်က ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်း လေးဦးအနက် သုံးဦးအား ကြိုက်နှစ်သက်ခြင်းမရှိကြောင်း၊ အခုလက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဆိုလျှင် ၎င်း၏ လုပ်ရည်ကိုင်ရည်က လုံးဝအဆင်မပြေခဲ့ကြောင်း၊ ယင်းပုံစံမျိုးဖြစ်နေသည့် အတွက် ကိုယ်စားလှယ်လောင်းများအား ပြောင်းပေးစေချင်ကြောင်း၊ NLD ပါတီကို မကြိုက်လို့မဟုတ်ကြောင်းနှင့် ပါတီက ရွေး ချယ်ပေးထားသည့် ကိုယ်စားလှယ်လောင်းများအား မကြိုက်သည့်အတွက်ဖြစ်ကြောင်း မုဒုံမြို့ခံတစ်ဦးဖြစ်သူ ဦးမြင့်က ပြောသည်။
"လက်ရှိသူတို့တင်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ကျွန်တော်တို့က မထောက်ခံပေးနိုင်ဘူး။ တခြားလူငယ်ခြေတက်တွေအများကြီးရှိပါတယ်။ လူငယ်ခြေတက်တွေကို နေရာပေးရတော့မယ်။ လူငယ်တွေကို နေရာမပေးတော့ ကျွန်တော်တို့ရဲ့စိတ်ထဲ သိပ်အဆင်မပြေဘူးပေါ့။ အဲ့ဒါကြောင့်ပါဘဲ။ ဖြစ်ချင်တဲ့ ဆန္ဒကတော့ လက်ရှိလူထုမကြိုက်နေတဲ့ ကိုယ်စားလှယ်လောင်းတွေကို လဲပေးစေချင်ပါတယ်။ လူထုရဲ့ဆန္ဒကို မျက်ကွယ်ပြုလိုက်မယ်ဆိုရင် ဝေဝါးသွားမယ့် မဲတွေအများကြီးရှိလာနိုင်တယ်။ NLD ရော လွှတ် တော်ကိုယ်စားလှယ်တွေကိုပါ မုန်းလို့မဟုတ်ဘူး။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေကြောင့် NLD ထိခိုက်သွားမှာစိုးရိမ်လို့ပါ"ဟု ဦးမြင့်က ဆိုသည်။
အလားတူ မွန်ပြည်နယ်အတွင်းရှိ တချို့မြို့နယ်တွေမှာလည်း လာမည့် ရွေးကောက်ပွဲအတွက် NLD ပါတီဗဟိုက ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်လောင်းများကို ပြန်လည်စိစစ်ရွေးချယ်ပေးဖို့အတွက်ကို NLD ပါတီဗဟိုသို့ စာပေးပို့တောင်းဆိုရန် လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။
Source -Southern Myanmar News
0 comments:
Post a Comment