Monday, October 17, 2022

နိုင်ငံခြားသုံးငွေဥပဒေနဲ့တရားစွဲဆိုနေတာတွေကပြင်ပဒေါ်လာအရောင်းအဝယ်အပေါ်တကယ်သက်ရောက်မှာလား?၊မူဝါဒညွှန်ကြားချက်တွေမျှတဖို့လိုအပ်ဟုဆို

ပြင်ပဒေါ်လာငွေလဲနှုန်းကိုထိန်းချုပ်ရန်နှင့်ဒေါ်လာဈေးများကျဆင်းလာရန်ရည်ရွယ်ကာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတစ်လမှာအမိန့်ညွှန်ကြားချက်ဆယ်စောင်ထက်မနည်းလစဉ်ပုံမှန်ထုတ်ပြန်ကာဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်းနိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားခြင်းမရှိဘဲ လူမှုကွန်ယက်စာမျက်နှာတွင် နိုင်ငံခြားငွေရောင်းချဝယ်ယူလဲလှယ်နေသည့် Perfect Money နှင့် B to P Money exchange တို့အား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ အား ဖောက်ဖျက်ကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒ ပုဒ်မ ၄၂ အရ ဗဟိုဘဏ်မှတရားစွဲလိုက်ပါတယ်။
ထို့ပြင် လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် Black Market Rate ၊ USD Exchange Rate ၊ Golda and Forex Trading ၊ Gold and Dollar Market Dollar Buyer Seller ဒေါ်လာရောင်းဝယ်သူများဆုံစည်းရာ၊ Dollar Palace ၊ Dollar ရောင်းမယ်ဝယ်မယ်တိုက်ရိုက်၊ ရွှေဈေးဒေါ်လာဈေးတိုက်ရိုက်(Gold & Dollar Market)၊ ဒေါ်လာပေါက်ဈေး update ၊ YGN MDY ကြိုက်ရောင်းကြိုက်ဝယ်၊ ယူရိုဒေါ်လာရောင်းဝယ်ပို့ ဆောင်သူများဆုံဆည်းရာ၊ Euro Dollar Trading ၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက်၊ USD Exchange ၊ ဒေါ်လာစားများနှင့်နိုင်ငံခြားငွေလိုသူများဝယ်ရောင်းရန်၊ ဒေါ်လာရောင်းသူဝယ်သူ တိုက်ရိုက် (Dollar Buyer Seller)၊ $ ဒေါ်လာ $ ရောင်း $ ဝယ် တိုက်ရိုက်($=><=Ks)၊ ဒေါ်လာ dollar ရောင်းသူဝယ်သူတိုက်ရိုက်(ကြိုက်ရောင်းကြိုက်ဝယ်)၊ နိုင်ငံတကာငွေကြေးဈေးနှုန်းများနှင့်ဒေါ်လာ ကြိုက်ရောင်းကြိုက်ဝယ်၊ မြန်မာ့ရွှေ ကမ္ဘာ့ရွှေတို့ကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ အားဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရ၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒ ပုဒ်မ ၄၂ အရတရားစွဲနိုင်ရေးဆက်လက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။
အဆိုပါလုပ်ဆောင်လာမှုအပေါ်ဒေါ်လာငွေဈေးကွက်နဲ့စီးပွားရေးကျွမ်းကျင်သူများကအမြင်အမျိုးမျိုးရှိနေကြသလိုဗဟိုဘဏ်အပေါ်မေးခွန်းထုတ်မှုများလည်းရှိလာနေပါတယ်။
ဒေါ်လာဈေးနှင့်ရွှေဈေးလေ့လာစောင့်ကြည့်သူကျွမ်းကျင်သူတစ်ဦးက “ငွေကြေးမူဝါဒ Monetary policy ကို သေချာထိန်းကျောင်းနိုင်တဲ့ ကမ္ဘာပေါ်ရှိသမျှ ဘယ်နိုင်ငံဗဟိုဘဏ်ကမှ ဒီလို social media တွေ သတင်းမီဒီယာတွေကို ဂရုစိုက်ပြီး အရေးတယူလုပ်မနေဘူး။တခြားနည်းလမ်းတွေနဲ့လည်းထိန်းကျောင်းလို့ရတယ်။ဆွေးနွေးပြောဆိုလို့လည်းရတယ်ဗျာ။ဥပမာတစ်ခုဗျာ၊ဥပမာပြောတာနော်အခု YGEA ကသူတို့ကိုယ်တိုင်သတ်မှတ်ပေးထားတဲ့ရွှေဈေးထက်ပိုဈေးတင်ပြီးပြည်ပပေါက်ဈေးအတိုင်ဆိုးပြီး၂၅သိန်းနဲ့ရွှေတုံးတွေရောင်းတယ်။အဲ့ဒါကရောအဆင်ပြေလားတရားဝင်မှုကိုရောဘယ်လိုသတ်မှတ်လဲ၊တစ်ဖက်ကအဲ့လိုမေးရင်ဘယ်လိုပြန် Balance လုပ်မလဲ၊အဲ့လိုပေါ့သေချာလေးမူဝါဒချလုပ်လို့ရပါတယ်။အခုကကလေးကစားသလိုပဲမြှောက်လိုက်၊ခြောက်လိုက်ဆိုသလိုဖြစ်နေတယ်” လို့သူ့အမြင်ကိုပြောပါတယ်။
ဒေါ်လာပုံမှန်ဝယ်ယူနေသူတစ်ဦးကလည်း “ လုပ်ငန်းတွေဆိုတာအာဏာပိုင်တွေရဲ့ပေါ်လစီအပေါ်မှာအလုပ်ဖြစ်အောင်လိုက်လုပ်ရတာတော့မှန်ပါတယ်။ဒါပေမယ့်မျှမျှတတဖြစ်ဖို့ကလည်းလိုတယ်ဗျ။ online ကဟာတိုင်းသာအားလုံးအရေးယူကြေးဆိုရင်၊ငွေတုတွေလုပ်ပြီးပေါ်တင်ရောင်းနေတာတို့၊ live လွှင့်ပြီးတောင်ရောင်းနေတာတို့ကိုရောဘာလို့မဖမ်းတာလဲမေးစရာရှိတယ်”လို့သူ့အမြင်ကိုပြောပါတယ်။
ပြင်ပဒေါ်လာဈေးကွက်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ် အလုပ်ဖြစ်နေပြီး ငွေလဲကောင်တာ အများစုမှာတော့ ဒေါ်လာအရောင်းအဝယ်မရှိဘဲ ပြင်ပဈေးကွက်မှာပဲ အရောင်းအဝယ်လုပ်ကြတယ်လို့ သိရပါတယ်။
Money Changer လုပ်ကိုင်သူတစ်ဦးက “ အခုကျွန်တော်တို့ဆီမှာဒေါ်လာအရွက်လာရောင်းတဲ့သူမရှိသလောက်ပဲ၊အကြွေတွေဘာတွေတော့လာရောင်းကြတယ်။အခွန်အွန်လိုင်းကလူတွေကိုတရားစွဲတယ်ဘာတယ်ဆိုတာဗျာ၊နိုင်ငံတကာမှာလည်းဈေးခန့်မှန်းတဲ့ online တွေဘာတွေရှိတာပါပဲ၊ပြောချင်တာကဗျာကျွန်တော်တို့ကောင်တာတွေမှာဗဟိုဘဏ်ကသတ်မှတ်နှုန်းပဲ။သို့ပေမယ့်အခုဘဏ်တွေမှာသင်္ဘောသားလစာတို့ဘာတို့လာရောင်းရင်အမြင့်ဆုံးဈေးနဲ့ဝယ်ဖို့ညွှန်ကြားထားတယ်၊ဆိုတော့အဲ့ဒီမှာလဲဘဏ်တွေကဗဟိုဘဏ်သတ်မှတ်နှုန်းထက်ပိုပေးလို့ရတယ်အဲ့ဒီတော့ညွှန်ကြားချက်က၂မျိုးဖြစ်နေတာပေါ့။မူဝါဒတွေကြားအလုပ်ဖြစ်ဖို့ကခက်နေတဲ့အခြေအနေပေါ့၊အဲ့လိုပဲပြောရမယ်”လို့သူ့အမြင်ကိုပြောပါတယ်။
လက်ရှိအောက်တိုဘာတတိယအပတ်အတွင်း ပြင်ပဒေါ်လာဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၈၀၀ မှ ၃၀၀၀ ကြား အရောင်းအဝယ်ဖြစ်ပေါ်ခဲ့တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။
Photos –CBM , Internet

0 comments:

Post a Comment