Thursday, October 20, 2022

ကမ္ဘာ့စားအုန်းဆီဈေး မြင့်တက်နေသော်လည်း ပြည်တွင်းဈေးကွက်တွင် နယ်အဝယ်မလိုက်ဘဲ အကျဘက်ကို ဦးတည်

ကမ္ဘာ့စားအုန်းဆီဈေးကွက်တွင် စားသုံးဆီတစ်တန်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀ အထိမြင့်တက်လာသော်လည်း ပြည်တွင်းဈေးကွက်တွင် နယ်အဝယ်မလိုက်ခြင်းနှင့်အတူ လက်ကျန်ဆီလုံလောက်ခြင်းကြောင့် ဈေးအကျဘက်ကို ဦးတည်နေကြောင်း စားအုန်းဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များက ပြောသည်။
စားအုန်းဆီ အဓိကထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေသည့် မလေးရှားနိုင်ငံ၏အခြေအနေမှာ ရင်းဂစ်ငွေတန်ဖိုးကျဆင်းခြင်းနှင့်အတူ စားအုန်းဆီကြိုပွိုင့်ဈေးမှာ ပြီးခဲ့သည့် အင်္ဂါနေ့တွင် ၃ ဒသမ ၀၄ ရာခိုင်နှုန်းမြင့်တက်သွားကြောင်း စားအုန်းဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက MT News သို့ပြောသည်။
"သီတင်းကျွတ်မတိုင်ခင်က အတက်ဈေးနဲ့ ကြိုဝယ်ထားကြတော့ အခုအချိန်မှာ နယ်အဆွဲမလိုက်တော့ဘူး။ ရောင်းအားကလည်း သီတင်းကျွတ်မတိုင်ခင်ကထက် ထက်ဝက်လောက်ကို ကျသွားတာ။ နယ်သမားတွေဆီမှာလည်း ဆီလက်ကျန်တွေရှိနေသေးတော့ ဒိုင်တွေကို မမှာကြသေးဘူး။ အဲဒီလက်ကျန်ကို ကုန်အောင်ရောင်းပြီးမှပဲ ပြန်အရောင်းသွက်လာမယ်။ နောက်တစ်ချက်က ကန်ဆီတွေအများကြီးရှိတယ်။ သြဂုတ်လလောက်ကတည်းက သွင်းထားကြတာဆိုတော့ အခုအချိန်မှာ ထပ်မသွင်းလည်းရသေးတယ်။ ပြည်တွင်းဈေးကတော့ အကျဘက်မှာပဲရှိနေပါတယ်" ဟု ၎င်းကပြောသည်။
ယနေ့တွင် စားအုန်းဆီ ကန်ချဈေး တစ်ပိသာလျှင် ကျပ် ၅၈၀၀ အထိဈေးကျခဲ့ပြီး လက်ကား(ဒိုင်)ဈေး တစ်ပိသာလျှင် ကျပ် ၆၀၀၀ ဝန်းကျင်သာရှိကာ လက်လီဈေးကွက်တွင် ကျပ် ၇၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း MT News က စုံစမ်းသိရှိရသည်။
စားအုန်းဆီအဓိက ဖြန့်ချိနေသည့် အင်ဒိုနိးရှားနိုင်ငံ၏ စားအုန်းဆီတစ်တန်ဈေးမှာ ပြီးခဲ့သည့်လကအတိုင်း အတက်အကျမရှိသဖြင့် မလေးရှားစားအုန်းဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဈေးကွက်အား ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ပုံစာ။ ပြည်တွင်း စားအုန်းဆီစျေးကွက် ဖြန့်ချီမှုကို တွေ့ရစဥ်

0 comments:

Post a Comment