Monday, October 17, 2022

KNU ကွန်ကရက် ညီလာခံကို အခုနှစ်မကုန်ခင် ကျင်းပတော့မယ်

ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ စစ်ရေးအခြေအနေတွေကြောင့် ရွေ့ဆိုင်းခဲ့ရတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကွန်ဂရက်ညီလာခံကို အခုနှစ်မကုန်ခင်မှာ ကျင်းပပြုလုပ်သွားမယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကွန်ဂရက် ညီလာခံကို လေးနှစ်တစ်ကြိမ်ကျင်းပပြုလုပ်ခဲ့ရတာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်းက ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်း ထန်လာနေတဲ့ စစ်ရေးအခြေအနေအရပ်ရပ်ကြောင့် ရွေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် (၁၇)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ကွန်ဂရက်ညီလာခံ ကိုတော့ အခုနှစ်မကုန်ခင် ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။(KNU) ကွန်ဂရက် ညီလာခံ ကျင်းပသွားမယ့် အခြေ အနေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးက အခုလိုပဲ ပြောပါတယ်။
"ကျွန်တော်တို့ ကေအဲန်ယူဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်အရ အင်မတန် ထူးခြားတဲ့အခြေအနေအောက်မှာ အထူးသဖြင့် စစ်ရေးတိုက်ပွဲတွေအရမ်းဖြစ်နေတယ်။ စစ်ရေးအခြေအနေကရှုပ်ထွေးနေတယ်။ နောက်တစ်ချက်က ရောဂါဘယကြောင့်ဘယ်လိုမှမတတ်သာလို့ ရွှေ့ရတယ်ဆိုတာ အဲ့ဒါမျိုးဒီလိုအခြေအနေမျိုးအောက်မှာ ကျွန်တော်တို့ရွှေ့နိုင်တာ(၂)နှစ်ပဲဗျ။ ကွန်ဂရက်သက်တမ်း(၄)နှစ်လေ။ စစ်အာဏာသိမ်းပြီးနောက်မှာ တိုက်ပွဲကအများကြီးဖြစ်လာတယ်။ အခုဆိုကျွန်တော်တို့နယ်မြေထဲမှာ စစ်အာဏာသိမ်းပြီးနောက်မှာ တိုက်ပွဲကထောင်ချီ(၆၀၀၀)အထက်မှာဖြစ်နေတဲ့အခါကျတော့ ဒါကတစ်ချက်ပေ့ါလေ။ ကိုဗစ်ဖြစ်လိုက်တာလည်း ကျွန်တော်တို့တော်တော်လေးခံလိုက်ရတဲ့အခါမှာ လုံးဝမရွှေ့ဆိုင်းချင်ပဲနဲ့ ရွေ့ဆိုင်းနေရတဲ့အခြေအနေတွေရှိလာတဲ့အခါမှာ အဲ့ဒါတွေက ကျွန်တော်ဘာတွေ့ရလည်းဆိုတော့ ကျွန်တော်တို့(၂)နှစ်သက်တမ်းအထိပဲ (၂)နှစ်အထိပဲရွေ့ဆိုင်းလို့ရတယ်။ အဲ့ဒီ(၂)နှစ်ကျော်လာရင် ဘယ်လိုပဲဖြစ်ဖြစ်လုပ်ရတော့မယ်။ ဘယ်အခြေမျိုးမှာပဲ ကျွန်တော်တို့လုပ်ရတော့မယ်ဆိုတဲ့အခါမှာကျတော့ အခုက (၂)နှစ်သက်တမ်းလည်းပြည့်သွားပြီ။ ရွေ့တဲ့အနေအထားလည်း အချိန်ကာလလည်းရောက်လာပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ဒီ၂၀၂၂ ခုနှစ်ရဲ့မကုန်ခင်မှာ ကျွန်တော်တို့အပြီးလုပ်ရမယ့်ဟာပဲ ကျွန်တော်တို့ပြောလို့ရတယ်။ ဒါပေမဲ့ နေ့ရက်အတိအကျတော့ ကျွန်တော်ပြောလို့မရဘူးပေါ့" လို့ KNU ညီလာခံကွန်ဂရက်အခြေအနေနဲ့ပတ်သက်ပြီး ပဒိုစောတောနီးက ပြောကြားခဲ့ပါတယ်။
(၁၇) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)ကွန်ဂရက် ညီလာခံမှာတော့ ဗဟိုအမြဲတမ်းကော်မတီအသစ်ကို ပြန်လည်ရွေးချယ်ရမှာဖြစ်ပြီး KNU ဥက္ကဋ္ဌ အသစ် နဲ့အတူ ဗဟိုအလုပ်အ မှုဆောင်အဖွဲ့သစ်ကိုလည်း ရွေးချယ်သွားဖို့ စီစဉ်ထားတာပါ။
ဒါ့အပြင် ဒီကွန်ကရက် ညီလာခံမှာ ပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့တဲ့အခြေအနေနဲ့ ရှေ့ဆက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေအတွက်လည်း ပြန်လည်သုံးသပ်ဆွေးနွေးသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
လာမယ့် (KNU)ကွန်ဂရက် ညီလာခံမှာတော့ ထိပ်ပိုင်းခေါင်းဆောင်နေရာအတွက် အပြောင်းအလဲတွေ ဖြစ်ပေါ်လာ နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
လတ်တလောမှာတော့ KNU ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၄ သိန်း နီးပါးထိ ရှိခဲ့တာပါ။
သတင်း - သံလွင်တိုင်းမ်

0 comments:

Post a Comment