Monday, October 17, 2022

လျှပ်စစ်ကားတင်သွင်းရောင်းချရန် ကော်မတီသို့ တင်ပြသည့်အခြေအနေသာရှိပြီး မြန်မာဈေးကွက်ကိုမူ တရုတ်လျှပ်စစ်ကားကုမ္ပဏီများ မျက်စိကျနေ

ပြည်တွင်း၌ လျှပ်စစ်ကား(EV)များ တင်သွင်းရောင်းချနိုင်ရန်အတွက် ကားတင်သွင်းရောင်းချမည့်ကုမ္ပဏီများဘက်မှ လျှပ်စစ်ကားများတင်သွင်းခြင်းဆိုင်ရာကြီးကြပ်ရေးကော်မတီသို့ တင်သွင်းရောင်းချခြင်းဆိုင်ရာ အချက်အလက်များတင်ပြထားသည့်အခြေအနေတွင်ရှိနေသော်လည်း မြန်မာဈေးကွက်ကိုမူ တရုတ်လျှပ်စစ်ကားကုမ္ပဏီများက အဓိကမျက်စိကျနေကြကြောင်း ကားတင်သွင်းရောင်းချမည့် ကုမ္ပဏီအသိုင်းအဝိုင်းက သိရသည်။
လက်ရှိအချိန်တွင် လျှပ်စစ်ကားတင်သွင်းရောင်းချရာ၌ လိုအပ်မည့် အချက်အလက်များ၊ လျှပ်စစ်ကားများ ပြန်လည်အားဖြည့်သွင်းနိုင်မည့် Charger Station များတည်ဆောက်မည့်အခြေအနေနှင့် နည်းပညာဆိုင်ရာများအား ကော်မတီသို့ သွားရောက်တင်ပြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတင်သွင်းရောင်းချမည့် ကုမ္ပဏီ၏ တာဝန်ရှိသူက MT News သို့ ပြောသည်။
“သဘက်ခါဆိုရင်တော့ ကျွန်တော်တို့လျှပ်စစ်ကားရောင်းမယ့် ကား Brand လေး၊ ငါးခုက ကော်မတီကို သွားပြီးရှင်းလင်းဖို့ရှိပါတယ်။ အဓိက,ကတော့ ကားတွေပြန်အားသွင်းနိုင်ဖို့အတွက် Charger Station တွေ ဘယ်လိုတည်ဆောက်မလဲ။ ကော်မတီနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။ Public Area မှာ အားသွင်းတဲ့နေရာတွေကို လွယ်လွယ်ကူကူဖြစ်အောင် ဘယ်လိုလုပ်ပေးမလဲ။ အဒါတွေအားလုံးကိုတင်ပြရမှာပါ။ အခုလောလော ဆယ်တော့ သွင်းဖို့လုပ်နေကြတာအများကြီးရှိနေပါတယ်။ ဘယ် Brand ကိုရွေးမလဲဆိုတာတော့ မသိသေးပါဘူး” ဟု ၎င်းကပြောသည်။
တင်သွင်းရောင်းချမည့် လျှပ်စစ်ကား(EV) များတွင် အရည်အသွေးနှင့် နည်းပညာမြင့်နေသည့် တရုတ်နိုင်ငံထုတ်ကား အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံမှ ကားကုမ္ပဏီအများအပြားလည်း မြန်မာဈေးကွက်သို့ဝင်ရောက်ရန် ပြင်ဆင်နေကြကြောင်း ကားတင်သွင်းရောင်းချမည့် ကုမ္ပဏီများက ပြောသည်။
တင်သွင်းရောင်းချမည့် ကားများ၏တန်ဖိုးမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ နှစ်သောင်းမှ အများဆုံးအမေရိကန်ဒေါ်လာ သုံးသောင်းခွဲအထိရှိနိုင်ကြောင်း သုံးသပ်ချက်များရှိနေသည်။
“လက်ရှိဈေးနှုန်းကတော့ ဒေါ်လာဈေးအတက်အကျပေါ်မူတည်ပြီး ဘယ်လိုမှ တွက်လို့မရသေးဘူး။ FOB ဈေးမှာတောင် ဒေါ်လာ နှစ်သောင်းခွဲဝန်းကျင်ရှိနေတော့ ဈေးက ခန့်မှန်းလို့မရသေးဘူး” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းဈေးကွက်အတွင်းသို့ လျှပ်စစ်ကားတင်သွင်းရောင်းချမည်ဟု လူမှုကွန်ယက်စာမျက်နှာများအပေါ်တွင် ကြေညာရေးသားထားသည့် ကားကုမ္ပဏီ ၁၅ ခုရှိနေပြီး ကော်မတီမှ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီများကိုသာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မော်တော်ကားတင်သွင်းခွင့်ပါမစ်ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ကားများတင်သွင်းရောင်းချနိုင်ရန်အတွက် ကားတင်သွင်းခြင်းနှင့်သက်ဆိုင်သောကော်မတီကို ဇူလိုင် ၁ ရက်က အဖွဲ့ဝင် ၁၂ ဦးဖြင့်ဖွဲ့စည်းထားပြီး ကားတင်သွင်းရောင်းချနိုင်ရန်အတွက် ကော်မတီမှ စိစစ်မည်ဖြစ်သည်။

ဓါတ်ပုံ။ ။ မြန်မာဈေးကွက်သို့ဝင်ရောက်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ် (EV) ကားတစ်စီး#myanmar_transparency_news

0 comments:

Post a Comment