Wednesday, October 5, 2022

စစ်ကောင်စီနှင့် ပူးပေါင်း၍ ကျရာအခန်းကဏ္ဍတွင် အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ဦးခင်ရီပြော

ပြည်တွင်းအကြမ်းဖက်မှုနှင့် ကမ္ဘာ့နိုင်ငံကြီးအချို့၏ ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်မှုများအတွက် စစ်ကောင်စီနှင့် ပူးပေါင်း၍ ကျရာအခန်းကဏ္ဍတွင် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၀င်များအား ပါတီဥက္ကဋ္ဌဖြစ်လာသူ ဦးခင်ရီက တိုက်တွန်းပြောကြားသည်။
ယင်းပြောကြားမှုသည် ယနေ့ စက်တင်ဘာ ၅ ရက် နေပြည်တော်တွင် ပြုလုပ်လျက်ရှိသော USDP ပါတီ၏ တတိယအကြိမ် ပါတီညီလာခံအတွင်း ၎င်းက မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“၂၀၂၀ နောက်ပိုင်း မြန်မာနိုင်ငံတွင်း ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် ပြည်တွင်းဆူပူအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူ ပါတီ၀င် ရဟန်းရှင်လူ စတာတွေ ရက်စက်စွာ အကြောင်းမဲ့ သတ်ဖြတ်ခံရမှုတွေကြောင့် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသမိုင်းဟာ မှေးမှိန်ရိုင်းစိုင်းခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ခေတ်သစ် ကိုလိုနီကျွန်ပြုလိုတဲ့ ကမ္ဘာ့နိုင်ငံကြီးအချို့ရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ၊ တစ်ဖက်သတ်ကျတဲ့ မီဒီယာများရဲ့အမှားကို အမှန်လုပ်ယူနေမှုတွေကြောင့် နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး အကောင်းဆုံး အခြေအနေဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေရချိန်မှာ ကျွန်တော်တို့ ပါတီဘက်ကလည်း ကျရာအခန်းကဏ္ဍကနေ ဒီကဏ္ဍတွေကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက် ဖြေရှင်းသွားကြဖို့လိုကြောင်းလည်း တင်ပြလိုပါတယ်”ဟုဆိုသည်။
ထို့အပြင် လာမည့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီက ဦးဆောင်လုပ်နေသော ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့တွင်လည်း ကျရာကဏ္ဍမှ အစွမ်းကုန် ပံ့ပိုးကူညီဆောင်ရွက်သွားရန် လိုကြောင်း တစ်ဆက်တည်း ပြောကြားခဲ့သည်။
USDP ပါတီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်ကိုလည်း အတည်ပြုချမှတ်ခဲ့ပြီးဖြစ်သည့်အတွက် ယင်းအချက်များကို သုံးလတစ်ကြိမ် ကာလတို အစည်းအဝေးပြုလုပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ပါတီရှေ့လုပ်ငန်းစဉ် ငါးရပ်သည် ယုံကြည်မှုကို အခြေခံသည့် ပါတီတွင်း စည်းလုံးညီညွတ်မှု ကျစ်လျစ်ခိုင်မာရေး၊ လူငယ်ထု၏ အားကို အခြေခံပြီး ပြည်သူလူထုအတွင်း စဉ်ဆက်မပြတ် စည်းရုံးခြင်းဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး၊ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်နဲ့ တည်ဆဲဥပဒေများ ကျင့်၀တ်များကို ပါတီ၀င်အားလုံးက တန်ဖိုးထားထိန်းသိမ်းလိုက်နာစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးစေနိုင်သည့် အကြမ်းဖက်ဝါဒနှင့် ပြည်တွင်းပြည်ပမှ အကြမ်းဖက်များအပေါ် အားပေးနေမှု၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုများကို နိုင်ငံချစ်သော ပြည်သူများနှင့်အတူ ဆန့်ကျင်တိုက်ဖျက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေပြီး စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတော်အဓွန့်ရှည်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လက်ရှိကြုံတွေ့နေရသော ပါတီ၀င်များ အပါအ၀င် ပြည်သူ့ဘ၀ လုံခြုံရေး ကိစ္စရပ်များ တစ်စတစ်စ တိုးတက်ခိုင်မာလာစေရေးတို့အတွက် ပြည်သူလူထုနှင့်အတူ နည်းလမ်းပေါင်းစုံဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်သည်ဟု ဆိုသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

0 comments:

Post a Comment