Wednesday, October 26, 2022

မြန်မာ နေရပ်စွန့်ခွာသူ ဦးရေ ထပ်တိုးလာပြီး အသက်အိုးအိမ် အကာအကွယ်ရရှိရေး ခြိမ်းခြောက်ခံနေရတယ်လို့ UNOCHA- Myanmar ထုတ်ပြန်

မြန်မာမှာ စစ်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဖြစ်နေပေါ်နေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် အကာအကွယ်ရရှိရေး  ကြီးမားစွာ ခြိမ်းခြောက်ခံနေရ တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA- Myanmar) က ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်တွေနဲ့ စစ်တွေအကြားရှိ အဓိကလမ်းပိုင်းတွေနဲ့ ရေကြောင်းလမ်းတွေကို ပိတ်ဆို့ထားပြီး အသွားအလာတွေကိုကန့်သတ်ထားတာကြောင့် အကူအညီလိုအပ်နေသူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိဖို့ အဟန့်အတားတွေလည်း ဖြစ်ပေါ်နေပါတယ်လို့ဆိုပါတယ်။

ယင်းအပြင်  မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာလည်း ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေဖြစ်ပေါ်နေပြီး အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် အကာအကွယ်ရရှိရေးကို ကြီးမားစွာခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့  အောက်တိုဘာလ (၁၇) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးစာရင်းတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒသမ ၄ သန်းနီးပါး ရှိလာပြီ  ယင်းအထဲမှ  လူဦးရေ ၁ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှု အပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရသူတွေ ဖြစ်သလို လူဦးရေ ၃၃၀,၄၀၀ ကျော်က ယခင်ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်း အခြေချနေထိုင်နေရသူတွေဖြစ်ပြီး အများစုက ရခိုင်ပြည်နယ်က ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။


ပုံစာ -ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြသည့်  စစ်ဘေးရှောင်များ

MyanmaPlatform

0 comments:

Post a Comment