Tuesday, October 11, 2022

အများအတွက် အကျိုးဆောင်ပေး​သူအကုန်လုံးကို ကျေးဇူးတင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော


အများအတွက် အကျိုးဆောင်​ပေးသူ အကုန်လုံးကို ကျေးဇူးတင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ အောက်တိုဘာလ ၁၁ရက်နေ့ ရုံးချိန်း မစတင်မီတွင် ပြောကြားခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ရှေ့နေအဖွဲ့က သီတင်းကျွတ် ကန်တော့ကြရာတွင် ရှေ့နေအဖွဲ့အား အများအကျိုးဆောင်ပေးရန်နှင့် အများအတွက် အကျိုးဆောင်သည့်သူအကုန်လုံးကို ကျေးဇူးတင်သည့်အကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းရာ၌ အဂတိလိုက်စားသည်ဟုဆိုကာ စွပ်စွဲထားသည့် အမှုငါးမှုအတွက် ယမန်နေ့ အောက်တိုဘာလ ၁၁ရက်နေ့ ရုံးချိန်းတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ရုံးချိန်းတက်​ရောက်လာသည့် စွပ်စွဲခံရသူ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းလည်း သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုပေါင်း ၁၂ မှုအတွက် ထောင်ဒဏ် ၂၃နှစ် ချမှတ်ခံထားရပြီး အဂတိအမှု ခုနစ်မှုဖြင့် ဆက်လက် တရားရင်ဆိုင်နေရသည်။
နေပြည်တော်အချုပ်ထောင်အတွင်း ပြောင်းရွှေ့ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ အချုပ်ထောင်ရှိ ရာသီဥတုအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေများနှင့် မပြည့်မစုံနေထိုင်ရမှုများကြောင့် အနည်းငယ်ပိန်သွားသော်လည်း စိတ်ဓာတ်ကြံ့ခိုင်လျက်ရှိကြောင်း တရားရုံးနှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
မဇ္စျိမ

0 comments:

Post a Comment