Tuesday, October 11, 2022

မြောက်ဥက္ကလာပရှိ လေတပ်ပိုင်းလော့ ဒုဗိုလ်မှူးကြီးနေအိမ် ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်၊ သန္တာ(၅)လမ်း၊ အမှတ် (၄၂၉) ၌ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါနေအိမ်မှာ လေတပ်ပိုင်းလော့ ဒုဗိုလ်မှူးကြီး ကျော်ကျော်ထွန်း၏ နေအိမ်ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်မျက်နှာစာပိုင်းတွင် ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
“ည ၈ နာရီကျော်လောက်က ပေါက်တာပါ။ အသံကအကျယ်ကြီးပဲ။ ပေါက်တဲ့အိမ်က ဟိုတလောက လေတပ်ပိုင်းလော့တွေ စာရင်းထဲပါတဲ့ အိမ်ပါ။ အဲ့အိမ်မှာ လက်ရှိ အဲ့ဒီလူက ရှိမနေပါဘူး။ မိသားစုဝင်နည်းနည်းပဲ နေတော့တာပါ။ အိမ်ထဲက လူထိမထိတော့ အတိအကျမသိသေးဘူး။ အိမ်ကတော့ရှေ့ပိုင်းနည်းနည်းထိတယ်ပြောတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
စစ်ကောင်စီသည် အာဏာသိမ်းထားသည့် နှစ်နှစ်နီးပါးကာလအတွင်း ကျေးရွာများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ စသည်တို့ကို မီးရှို့ဖျက်ဆီးသည့် ဖြစ်စဉ်အများအပြားရှိခဲ့ပြီး လေကြောင်းမှ စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်များအသုံးပြုကာ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများလည်း ရှိခဲ့သည်။
အနီးစပ်ဆုံးဖြစ်စဉ်မှာ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များနှင့် အရပ်သားများ သေဆုံးခဲ့ရသည့်ဖြစ်ရပ် ဖြစ်သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားအပြီး အောက်တိုဘာလ ၈ ရက်နေ့က Operation Spitfire မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လေတပ်ပိုင်းလော့များအမည်စာရင်း အပိုင်း(၁)ကို နေရပ်လိပ်စာများနှင့်တကွ ထုတ်ပြန်ပြီးနောက် လေတပ်ပိုင်းလော့ ဒုဗိုလ်မှူးကြီး ကျော်ကျော်ထွန်း၏နေအိမ် ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်စဉ်အပြီးတွင် ပုံမှန်စစ်ဆေးနေကြဖြစ်သည့် စစ်ကောင်စီတပ်မှလည်း လာရောက်ရှာဖွေစစ်ဆေးခြင်းများပြုလုပ်သည်ကို မတွေ့ရသေးကြောင်း ဒေသခံများက ပြောသည်။

(မဇ္ဈိမ)

0 comments:

Post a Comment