Monday, October 17, 2022

မစ္စတာရှောင်တားနဲလ်ကို အင်းစိန်အကျဉ်းထောင် ပြောင်းရွှေ့ထား

အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရတဲ့ သြစတြေးလျ နိုင်ငံသား မစ္စတာရှောင်တားနဲလ်ကို မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်ကနေ ရန်ကုန်အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ထားတယ်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းက အောက်တိုဘာ ၁၈ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
“အခုအင်းစိန်ကို ပြောင်းပေးလိုက်ပါပြီ။ လေးငါးရက်တော့ ရှိပြီ။ သူက ပုံမှန်ပဲ နေကောင်းပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကို ကျနော်တို့ အကျဉ်းထောင်ဥပဒေနဲ့အညီ အားလုံး အကောင်းဆုံး စောင့်ရှောက် ပေးထားပါတယ်”
ဘာကြောင့် ထောင်ပြောင်းရွှေ့တာလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မစ္စတာရှောင်တားနဲလ်ကို စက်တင်ဘာ ၂၉ ရက်နေ့မှာ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ အမိန့်ချမှတ်ခဲ့ပြီး နောက်တစ်ရက် ရမည်းသင်းအကျဉ်းထောင်ကို ပြောင်းရွှေ့စဉ် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာမှာ ပိုးတွေ့ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကတော့ ပိုးတွေ့ခဲ့တယ်ဆိုတာ မဟုတ်ဘဲ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ပြောပါတယ်။
မစ္စတာရှောင်တားနဲလ်ကို ပြောင်းရွှေ့လိုက်တဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ နိုင်ငံခြားသားတွေ ဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျပန်နိုင်ငံသား သတင်းထောက် တိုရူကူဘိုတာတို့လည်း ဖမ်းဆီးထိန်းသိမ်း ခံထားရပါတယ်။
သြစတြေးလျအစိုးရကတော့ မစ္စတာရှောင်တားနဲလ်အပေါ် ထောင်ဒဏ်တွေ ချမှတ်ထားတာကို ကန့်ကွက်ကြောင်းနဲ့ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတယ်လို့ စက်တင်ဘာ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
သူဟာ မတရားဖမ်းဆီးခံရတာ ဖြစ်သလို တရားခွင်မှာ ကြားနာစစ်ဆေးမှုကို နားထောင်ဖို့ သြစတြေးလျ သံတမန်တွေရဲ့ ကြိုးပမ်းမှုလည်း ငြင်းပယ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာ ရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့နီးစပ်တဲ့ နိုင်ငံခြားသား ဖြစ်ပါတယ်။

NLD အစိုးရ စီးပွားရေးအကြံပေး၊ သြစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တားနဲလ်။ (Photo: Milken Institute/Reuters)
RFA

0 comments:

Post a Comment