Wednesday, October 26, 2022

လေကြောင်းကာကွယ်ရေးလက်နက်များ အကန့်အသတ်ရှိဟု NUGကာကွယ်ရေးဝန်ကြီးပြောကြား

မြေပြင်တော်လှန်ရေးအင်အားစုကို မယှဥ်နိုင်တော့ဘဲ အရေးနိမ့်လာတာနဲ့အမျှ စစ်ကောင်စီဟာ စစ်ရေးထွက်ပေါက်အဖြစ် လေကြောင်းကိုပိုပြီးအားပြုတိုက် ခိုက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဒါကြောင့် ရဲဘော်တွေအနေနဲ့ ရန်သူ့ရဲ့လေကြောင်းစီးနင်းတိုက်ခိုက်မှုကို အရေး တကြီးသတိပြုဖို့ လိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဒီနေ့အောက်တိုဘာ(၂၇)ရက်မှာ ပြောကြားလိုက်ပါတယ်။
“ရှေ့မှာလည်း အရပ်ဘက်၊ စစ်ဘက်မရွေး လေကြောင်းအကြမ်းဖက်မှုကိုတိုးပြီး ကျုးလွန်လာဖို့ရှိတဲ့ အတွက် ရဲဘော်တို့ အားလုံးသတိတမံ၊ ဥာဏ်မြေက တုတ်ဆိုသလို ကိုယ့်ရဲ့တော်လှန်ရေးသတိ၊ တော်လှန်ရေး ဥာဏ်ပညာကို အမြင့်ဆုံးတပ်လှန့်ထားဖို့ လိုအပ်မယ်။ လေကြောင်းဟာ အနှောက်အယှက် အဖျက်စွမ်းအားကြီးတာ မှန်ပေမယ့် စစ်ရေးအဆုံးအဖြတ် ပြုနိုင်တဲ့ ယန္တရားမဟုတ်ဘူးလို့ ငါတို့နားလည်တယ်။ ငါတို့တော် လှန်ရေးဟာ ဥာဏ်နဲ့ယှဥ်တဲ့ တော်လှန် ရေး ဖြစ်တယ်။ ငါတို့ ဥာဏ်ရှိရင်ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ရှာဖွေနိုင်လိမ့်မယ်”လို့ PDFတွေကို အပတ်စဉ်ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒါ့အပြင် NUGရဲ့ လေကြောင်းကာကွယ်ရေးလက်နက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကအခုလိုရှင်းလင်းပြော ဆိုခဲ့ပါတယ်။
“လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြို စားရသလို အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ကာကွယ်ရေးဝန်ကြီးရဲ့ ဒီတစ်ပါတ်မိန့်ခွန်းထဲမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းမှုး၊ အရာရှိတွေအပါအဝင် အောက်ခြေတပ်သားတွေဟာ မူးယစ်ဆေးဝါးသုံးစွဲနေကြောင်းနဲ့ မူးယစ်ဆေးသုံးပြီးမှ ရှေ့တန်းထွက်ရဲတဲ့ သက်သေတွေရရှိထားကြောင်း၊ ဒါတွေဟာ စစ်ကောင်စီတပ်က စိတ်အား၊လူအား လျော့ပါးနေတဲ့ သက်သေခံချက်တွေဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဓါတ်ပုံ-U.S. Department of Defense
BVJ

0 comments:

Post a Comment