Monday, October 17, 2022

မြန်မာသည် တရုတ်ကဲ့သို့ ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်လာ

မြန်မာနိုင်ငံသည် အိမ်နီးချင်းတရုတ်နိုင်ငံကဲ့သို့ပင် ဒစ်ဂျယ်တယ်အခွင့်အရေးချိုးဖောက်မှုများတွင် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံများအနက် တနိုင်ငံ ဖြစ်လာကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အဖွဲ့တဖွဲ့ဖြစ်သည့် Free Expression Myanmar (FEM) က ယနေ့ သတင်းထုတ်ပြန်သည်။
FEM က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကဲ့သို့ အဆင့်မြင့် နည်းပညာအသုံးပြုကာ အင်တာနက် သုံးစွဲသူများကို ပိတ်ဆို့ခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းနှင့် အနှောင့်အယှက်ပြု ဖိနှိပ်ခြင်းများ မလုပ်နိုင်သေးသော်လည်း အင်တာနက် ဖြတ်တောက်ခြင်းနှင့် ဒစ်ဂျစ်တယ် သုံးစွဲသူများအား ဖမ်းဆီးထောင်ချခြင်း ကဲ့သို့သော အချို့အညွှန်းကိန်းများတွင် တရုတ်နိုင်ငံထက် ပိုမို ဆိုးရွားနေသည်ဟုလည်း ဆိုထားသည်။
မြန်မာ့အင်တာနက် လွတ်လပ်ခွင့်သည် ဆက်တိုက် ကျဆင်းလာနေခဲ့ပြီး ၂၀၂၂ ခုနှစ်သည် ယင်းသို့ ကျဆင်းဆုတ်ယုတ်လာသည့် ဒုတိယနှစ် ဖြစ်ကြောင်းနှင့် FEM မှ ပြုစုထားသည့် အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အင်တာနက် လွတ်လပ်ခွင့် ကဏ္ဍသည် ရမှတ် ၁၀၀ အနက် အာဏာသိမ်းပြီး ပထမနှစ် ၂၀၂၁ တွင် ရရှိသည့် ၁၇ မှတ်မှ ၂၀၂၂ တွင် ၁၂ မှတ်ထိ ဆက်တိုက် ကျဆင်းလာနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် “အင်တာနက် လက်လှမ်းမီ သုံးစွဲနိုင်မှု” ကဏ္ဍတွင် ရမှတ် ၂၅ မှတ်နှင့် နှိုင်းယှဉ်လျှင် အလွန်နိမ့်သော ၂ မှတ်ကိုသာ ရရှိခဲ့ပြီး ယင်းသည် ၂၀၂၁ တွင် ရရှိသည့် ရမှတ် ၄ အဆင့်မှ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဓိက အကြောင်းအရင်းမှာ အာဏာသိမ်း စစ်တပ်က နိုင်ငံအနှံ့ ကျယ်ပြန့်သည့် အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ထားခြင်း၊ မိုဘိုင်းဒေတာခများနှင့် ဆင်းမ်ကတ်အခွန်အခများ တိုးမြှင့်ကောက်ခံခြင်းတို့ကြောင့် ဖြစ်ကြောင်း FEM က ထောက်ပြထားသည်။
“အကြောင်းအရာကန့်သတ်မှု” ကဏ္ဍတွင်လည်း မြန်မာနိုင်ငံသည် ရမှတ် ၃၅ မှတ်အနက် ၆ မှတ်ကိုသာ ရရှိခဲ့ပြီး ယင်းသည် ၂၀၂၁ တွင် ရရှိခဲ့သော ၇ မှတ်မှ နိမ့်ဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ကျဆင်းရခြင်းမှာ အွန်လိုင်းပေါ်ရှိ စည်းရုံးတော်လှန်ရေးများနှင့် ဒစ်ဂျစ်တယ် တက်ကြွလှုပ်ရှားမှုများကို စစ်တပ်က ပိုမိုပြင်းထန်စွာ ဖိနှိပ်လာမှုကြောင့် ဖြစ်ကြောင်း FEM က ဆိုထားသည်။
ထို့ပြင် “သုံးစွဲသူ အခွင့်အရေး ချိုးဖောက်ခြင်း” ကဏ္ဍတွင်လည်း မြန်မာသည် ရမှတ် ၄၀ ရှိသည့်အနက် ၄ မှတ်ကိုသာ ရရှိခဲ့ပြီး ၂၀၂၁ တွင် ရရှိခဲ့သော ၆ မှတ်မှ ထပ်မံ ကျဆင်းလာကြောင်း၊ ယင်းသို့ ကျဆင်းရခြင်းမှာ အွန်လိုင်းပေါ်ရှိ တက်ကြွလှုပ်ရှားမှုများအတွက် ပြည်သူများအား ဖမ်းဆီးထောင်ချမှု ပိုမြင့်မားလာခြင်း၊ သေဒဏ် အပါအဝင် စစ်တပ် လက်အောက်ခံ တရားရုံးများက ချမှတ်သော အမြင့်ဆုံး ပြစ်ဒဏ်စီရင်ချက်များ ပိုမိုများပြားလာခြင်း၊ စဉ်ဆက်မပြတ် စောင့်ကြည့်ထောက်လှမ်းမှုများ တိုးပွားလာခြင်းနှင့် VPN အပါအဝင် အင်တာနက် အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ် ပြစ်ဒဏ်များ ပိုမိုချမှတ်အရေးယူလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ချက်ချင်းဆိုသလို မိုဘိုင်းအင်တာနက်များအား စစ်ကောင်စီက ဖြတ်တောက်ခဲ့ပြီး ပြန်ဖွင့်ပေးရာတွင်လည်း ဖေ့စ်ဘုတ် အပါအဝင် လူမှုကွန်ရက် ဝန်ဆောင်မှုတချို့ကို သုံး၍မရအောင် ပိတ်ထားပြီး အသုံးပြုသူများ အနေဖြင့် VPN တဆင့်ခံပြီးမှ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အသုံးပြုနေကြရခြင်း ဖြစ်သည်။
၂၀၂၁ ဩဂုတ်တွင် ကချင်ပြည်နယ် ဒေသတချို့၌ အင်တာနက်ဝန်ဆောင်မှုများ အပိတ်ခံရသလို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသည့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့ကိုလည်း အင်တာနက်နှင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုများအား စစ်ကောင်စီက ဖြတ်တောက်ခဲ့သည်။

ဧရာဝတီ

0 comments:

Post a Comment