Wednesday, October 5, 2022

ရွေးကောက်ပွဲအတွက် အဆင်သင့်ပြင်ထားရန်ပြော


လာမယ့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် အဆင်သင့်ဖြစ်အောင် ပြင်ဆင် ဆောင်ရွက်ထားဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။ အောက်တိုဘာ ၅ ရက်က ကျင်းပတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ မဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်ရေးနဲ့မဲရုံတွေ လျာထား သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။
သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ မြို့နယ်အလိုက် အခြေခံ မဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်ရေးအတွက် ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံး စတဲ့ လူဦးရေ စာရင်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး လစဉ် update ဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ဦးသိန်းစိုးက ပြောပါတယ်။
ဒါ့အပြင် မဲရုံနေရာချထားမှုတွေ၊ မဲရုံသုံး ပစ္စည်းတွေ ဖြည့်ဆည်းတာနဲ့ လိုအပ်ချက်တွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် မိမိတို့ရဲ့ ဝန်ထမ်းတွေကို စုဖွဲ့တာ၊ ဖြည့်တင်းတာနဲ့ လေ့ကျင့်သင်ကြားပေးတာတွေကိုလည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်တယ်လို့ ဦးသိန်းစိုးက ပြောကြားခဲ့ပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် မဲပုံး၊ စက္ကူ၊ လုံခြုံရေးကြိုး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မီဒီယာတွေ အတွက် ရင်ထိုးတံဆိပ်တွေကို ဝယ်ယူလိုတဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်ဒါဖိတ်ခေါ် ထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ လာမယ့်အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်အတွင်း ကျင်းပနိုင်ဖို့ ပြောကြားထားပေမယ့် ဘယ်ရက်မှာ ရွေးကောက်ပွဲကျင်းပမလဲဆိုတာကိုတော့ အတိအကျ ထုတ်ပြန် ထားတာ မရှိသေးပါဘူး။

One News

0 comments:

Post a Comment