Wednesday, October 26, 2022

စီးပွား/ကူးသန်းက စားအုန်းဆီတင်သွင်းသူတွေကို တစ်ဒေါ်လာ (၂,၄၀၃) ကျပ် သတ်မှတ်ပေး

စီးပွား/ကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ အပတ်စဉ် ရည်ညွှန်းဈေးနှုန်း ဖော်ပြချက်အတွင်း အမေရိကန်ဒေါ်လာ ပျမ်းမျှငွေလဲနှုန်းကို (၂,၄၀၃) ကျပ် သတ်မှတ်ပေးထားတာကို တွေ့ရှိရပါတယ်။
ဗဟိုဘဏ်ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ကျပ် (၃,၀၀၀) ပတ်ချာလည် ဖြစ်ပေါ်နေချိန် စီးပွား/ကူးသန်းက ကျပ် (၂,၄၀၀) ဝန်းကျင်နဲ့ ဈေးဖြတ်ပေးထားပြီး စားအုန်းဆီတင်သွင်းသူတွေအနေနဲ့ ကျပ် (၆၀၀) နီးပါး လျော့နည်းတဲ့ ပေါက်ဈေးနဲ့ ဝယ်ယူခွင့် ရရှိနေတာလည်း ဖြစ်ပါတယ်။
အဆိုပါ ငွေလဲနှုန်းနဲ့ တွက်ချက်ထားတဲ့ စားအုန်းဆီ တစ်ပိဿာအရင်းဈေးက စရိတ်၊ ထပ်ဆောင်းအရောင်း ကုန်သွယ်အခွန်တို့ အပါအဝင် ကျပ် (၄,၀၉၃) ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်နေ့အထိ လက်ကားရည်ညွှန်းဈေးကိုတော့ တစ်ပိဿာ ကျပ် (၄၁၇၅) အဖြစ် သတ်မှတ်ထားကာ ဒီပမာဏက ပြီးခဲ့တဲ့ သီတင်းပတ်က သတ်မှတ်ဈေးထက် (၂၁၅) ကျပ် မြင့်တက်လာပါတယ်။
သို့ပေမယ့် လက်လီဈေးကွက်အတွင်းမှာတော့ စီးပွား/ကူးသန်း သတ်မှတ်ပေးတဲ့ လက်ကားရည်ညွှန်းဈေးထက် ထက်ဝက်နီးပါးအထိ ပိုမိုပေးချေကာ ဝယ်ယူနေပြီး နေရာဒေသပေါ်မူတည်က စားအုန်းဆီတစ်ပိဿာ ကျပ် (၇,၀၀၀) မှ (၉,၀၀၀) အထိ ဈေးရှိနေပါတယ်။
စီးပွား/ကူးသန်းအနေနဲ့ ကမ္ဘာ့ဈေးနှုန်းပြောင်းလဲမှုနဲ့အညီ ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်လာစေရေး ထိန်းကျောင်းဆောင်ရွက်နေပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများကို ထည့်သွင်းတွက်ချက်ပြီး လက်ကားရည်ညွှန်းဈေးကို ထုတ်ပြန်ပေးနေတယ်လို့ ဆိုထားပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment