Wednesday, October 5, 2022

ကြံ့ခိုင်ရေးပါတီ အပြောင်းအလဲဟာ စစ်ခေါင်းဆောင် သမ္မတ အိပ်မက် အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ သုံးသပ်သူတွေ ပြော


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းရာထူး အပြောင်းအလဲ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ အိပ်မက် အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေ ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တတိယအကြိမ်ညီလာခံ ကျင်းပနေတဲ့ နှစ်ရက်အကြာမှာပဲ ပါတီထိပ်ပိုင်းရာထူးအတွက် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး စစ်ခေါင်းဆောင် လူရင်း ဖြစ်တဲ့ ရဲချုပ်ဟောင်း ဦးခင်ရီက ပါတီရဲ့ တရားဝင် ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။
ညီလာခံတက်ရောက်နေသူတွေ အဆိုအရ ပါတီ ဥက္ကဋ္ဌ အဖြစ် ဦးခင်ရီ ၊ ဒုဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်းနဲ့ ဦးလှထွန်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်ကို ရွေးချယ်ထားပြီး ကျန်ရှိတဲ့ ဒုတိယ ဥက္ကဋ္ဌ တစ်နေရာနဲ့ အထွေထွေအတွင်းရေးမှူး နေရာကိုတော့ မခန့်အပ်ဘဲ စစ်တပ်ဘက်က ပြောင်းလာမယ့်သူတွေအတွက် ချန်ထားတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)ကတော့ စစ်တပ်ရဲ့ ထိပ်ပိုင်းအဆင့်ရှိ ဗိုလ်ချုပ်တစ်ချို့ကို တပ်ကနေ အနားပေးပြီး ပါတီထဲ ပြောင်းရွှေ့တာဟာ စစ်ကောင်စီ ဥက္ကဋ္ဌအနေနဲ့ သမ္မတရာထူးယူရင် ယူလို့ ပိုလွယ်ကူသွားတဲ့ အနေအထား ဖြစ်တယ်လို့ သုံးသပ်တာပါ။
“အဲဒါဆိုရင် သမ္မတကို အခုလက်ရှိ ကာချုပ် နစက ဥက္ကဋ္ဌ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်ဖို့ ပိုပြီးတော့ နီးစပ်သွားတာပေါ့။ပိုပြီးတော့ ခန့်မှန်းလို့ လွယ်သွားတာပေါ့။အရင်တုန်းက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတို့ကတော့ တကယ်လို့ သူတို့ နိုင်သွားတယ်ဆိုရင် သမ္မတတင်ဖို့ကို တော်တော်လေး ညှိနှိုင်းရမယ့် သဘောရှိတာပေါ့။အခုလိုလုပ်လိုက်တဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီက တပ်နဲ့ တစ်ဖွဲ့တည်းဆိုတဲ့ သဘောနဲ့ ပိုပြီးတော့ အဓိပ္ပာယ်သက်ရောက်သွားတယ်။ပြည်သူလူထုအမြင်မှာလည်း တပ်က မွေးဖွားလာတဲ့ ပါတီ။အခုထက်ထိ ဆက်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ဆိုတော့ သမ္မတနေရာကို အခုလက်ရှိ နစက ဥက္ကဋ္ဌက ယူချင်တယ်ဆိုရင် ပိုပြီး ယူလို့ လွယ်ကူသွားတဲ့ အနေအထားလို့ မြင်ပါတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်လာသူ ဦးခင်ရီဟာ စစ်တပ်ကနေ ဗိုလ်မှူးချုပ်ရာထူးနဲ့ အငြိမ်းစားယူခဲ့ပြီး စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာတော့ ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူပါ။
ဒါ့အပြင် ၂၀၁၀ ခုနှစ် ရွေးကောက်ခံအစိုးရ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့မှာ‌တော့ စစ်ကောင်စီက ဦးခင်ရီကို ဝန်ကြီးရာထူးကနေ အနားယူစေခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့တို့မှာတော့ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတာပါ။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ လက်ရှိ အခင်အကျင်းအရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ ပေါင်းလိုက်ရင် ၅၀ ရာခိုင်နှုန်းကျော် နေရာရနိုင်တာမို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ သမ္မတ ဖြစ်လာမယ်လို့ ပြောပါတယ်။
“၂၀၂၃ ရွေးကောက်ပွဲကို သူတို့ လုပ်လိမ့်မယ်။လုပ်တဲ့အခါ သူတို့ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပေါင်းရင် ၅၀ ရာခိုင်နှန်း ကျော်နိုင်တာပေါ့။အဲဒီအခါမှာ သူတို့ရဲ့ ကြံ့ခိုင်ရေးပါတီထဲမှာ ပါဝင်တဲ့ စစ်ဗိုလ်ချုပ်တွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတ တင်မှာပေါ့ဗျာ။ဒါကတော့ လုပ်ရိုးလုပ်စဉ်ကိစ္စပဲ။သူတို့အင်အားနဲ့ သူတို့ လွှတ်တော် စိုးမိုးထားတဲ့ အခြေအနေနဲ့ဆိုရင် ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းကျော်ပြီဆိုရင်တော့ ဒါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ သမ္မတဖြစ်လာမှာပေါ့” လို့ သူက ဆိုပါတယ်။
စစ်အုပ်စု ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်အရ ရွေးကောက်ခံစရာမလိုတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ကြံ့ခိုင်ရေးပါတီက ရရှိတဲ့ ရာခိုင်နှုန်းအပြင် မဟာမိတ် နိုင်ငံရေးပါတီ ၂၀ ကျော်ကနေ ရရှိတဲ့ ကိုယ်စားလှယ်နေရာတွေကို ထည့်ပေါင်းရင် စစ်ခေါင်းဆောင်ကို နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်လာနိုင်တဲ့ အနေအထား ဖြစ်နေတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း ကြံ့ခိုင်ရေးပါတီ အပြောင်းအလဲဟာ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဖို့ ပြင်ဆင်မှု ဖြစ်ပြီး လာမယ့်နိုင်ငံရေး အခင်အကျင်းမှာ အငြင်းပွားစရာတွေ ထပ်ပေါ်လာနိုင်တယ်လို့ သုံးသပ်တာပါ။
“ဒီအချိန်မှာ သူ့ရဲ့ (စစ်ကောင်စီ) ရည်ရွယ်ချက်ကိုတော့ သူ့ဘာသူ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ဟာ လုံဝသေချာတယ်လို့ ပြောလို့ ရတယ်။သူတို့အနေနဲ့ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ် အတည်း၊စစ်တပ်ရဲ့ အကျပ်အတည်း စစ်တပ်ရဲ့ ပိတ်နေတဲ့အပေါက်က ထွက်ပေါက်တစ်ခုအနေနဲ့ ၂၀၂၃ ရွေးကောက်ပွဲကို စစ်တပ်ရဲ့ ထွက်ပေါက်အဖြစ် ယူဆထားပုံရတယ်ဆိုတာ မြင်နေရတယ်။ဒီရွေးကောက်ပွဲကို သူတို့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် လုပ်သွားမယ့် သဘောရှိတယ်။ဒါပေမယ့် ရွေးကောက်ပွဲရလဒ်နဲ့ နောက်ပေါ်လာမယ့် နိုင်ငံရေးအခင်းအကျင်းတွေမှာ အများကြီး အငြင်းပွားစရာတွေ ထပ်ပေါ်လာဦးမယ်လို့ ကျွန်တော် မြင်တယ်”လို့ သူက သုံးသပ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုအကြောင်းပြချက်နဲ့ အရပ်သားအစိုးရကို ဖြုတ်ချက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားတာပါ။
စစ်အုပ်စုရဲ့ အရေးပေါ်ကာလ နောက်ဆုံးသက်တမ်းဟာ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်အုပ်စုဟာ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးတဲ့ ၆ လအတွင်း ရွေးကောက်ပွဲ တစ်ရပ် မဖြစ်မနေ ကျင်းပပေးရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူတို့ရဲ့ လူရင်းတွေနဲ့ စစ်တပ်ဘက်က လူယုံတွေကို ကြံ့ခိုင်ရေးပါတီမှာ နေရာပေးပြီး လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

0 comments:

Post a Comment