Wednesday, October 26, 2022

ဧရာဝတီတိုင်းက တစ်ပတ်ရစ်ဖုန်း ဈေးကွက်မှာ ဝယ်သူထက် ပြန်ရောင်းလိုသူတွေသာ များနေ

ဧရာဝတိတိုင်း ၊ ပုသိမ်မြို့ပေါ်က တစ်ပတ်ရစ် လက်ကိုင်ဖုန်း အရောင်းအဝယ် ဈေးကွက်မှာ ဝယ်ယူသူထက်ပြန်လည် ရောင်းချလိုသူက ပိုမို များပြားနေတယ်လို့သိရပါတယ်။

အရင်က တစ်ပတ်ရစ် လက်ကိုင်ဖုန်း ဈေးကွက်မှာ ဝယ်ယူသူ များပြားခဲ့သော်လည်း ယခု နောက်ပိုင်းမှာ အလုပ်အကိုင် ရှားပါးကာ ငွေကြေး လိုအပ်ချက်တွေ များနေတာကြောင့် ပြန်လည် ရောင်းချလိုသူ များပြားနေတာဖြစ်တယ်လို့ သိရပါတယ်။

COVID-19 ကပ်ရောဂါအပြင် နိုင်ငံရေးအပြောင်းအလဲ  ဖြစ်ပေါ်ပြီးနောက် အလုပ်အကိုင် အခွင့် အလမ်းတွေ ရှားပါးလာတာနဲ့ ဝင်ငွေနည်းပါးပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်လာတာကြောင့် အရေးပေါ် ငွေလိုသူတွေက လက်ကိုင်ဖုန်းကို ပြန်လည်ရောင်းချပြီး ဖြေရှင်းကြခြင်း ဖြစ်တယ်လို့သိရပါတယ်။

"ဒီရက်ပိုင်းအတွင်း ဝယ်တဲ့သူထက် ရောင်းတဲ့သူက ပိုများလာတယ် ၊ ပြဿနာအအရှုပ်အရှင်းကင်းတဲ့ အလုံးတွေဆိုရင်တော့ သင့်တော်တဲ့ဈေးနဲ့ ပြန်ဝယ်ပေးပါတယ်၊ တစ်ခါတလေ ခိုးရာပါတွေ ပါလာတတ်လို့ တော်တော်တော့သတိထားဝယ်ရတယ်။စီးပွားရေးတွေ ကျပ်တည်းလာလို့ အရောင်းပဲများလာတာပါ " လို့ တစ်ပတ်ရစ်လက်ကိုင်ဖုန်း အရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။

တစ်ပတ်ရစ်ဖုန်း ဈေးကွက်အတွင်းမှာ ငွေကျပ် တစ်သိန်းအောက် လက်ကိုင်ဖုန်းတွေမှာ အရောင်း အဝယ် ပိုမိုများပြားပြီး ယခုအခါ နေ့စဉ် လာရောက် ရောင်းချသူ ၁၅ ယောက်ကနေ အယောက် ၂၀ အထိရှိလာတယ်လို့ သိရပါတယ်။

ပုသိမ်မှာ ယခုနှစ်အတွင်း လက်ကိုင်ဖုန်းအသစ် ရောင်းချတဲ့ဈေးဆိုင်တွေမှာလည်း အရင်ကထက် ရောင်းအားသိသာသာကျဆင်းနေတယ် လို့သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment