Monday, October 17, 2022

ရန်ကုန်ရှိ ရဲစခန်းအချို့တွင် စိတ်ကြွဆေးပြားများရောင်းချနေသည်ဟု သတင်းထွက်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရဲစခန်းအချို့တွင် WY စာတန်းပါစိတ်ကြွဆေးများ ရောင်းချနေသည်ဟု သတင်းများထွက်ပေါ် လျက်ရှိသည်။
ထိုသို့ရောင်းချနေသည်မှာ ခြောက်လနှင့်အထက်ရှိနေပြီဖြစ်ပြီး စမ်းချောင်း၊ လသာနှင့် သာကေတမြို့နယ်ရဲစခန်းတို့သည် ဆေးပြားရောင်းချရာတွင် နာမည်အကြီးဆုံးဖြစ်နေသည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
"နယ်ထိန်းတွေနဲ့ စခန်းမှူးတွေရောင်းတာ။ ဈေးကတော့ အပြင်ဈေးထက်သက်သာတယ်။ တစ်လုံးကို ၃၀၀ နဲ့ ရာသီးဈေးဆို သုံးသောင်း၊ နှစ်သောင်းခွဲနဲ့ပေးကြတယ်။ အနည်းဆုံး တထောင်လောက်ယူရတယ်"ဟု အဆိုပါရဲအရာရှိက ရှင်းပြသည်။
ပြီးခဲ့သည့် ဇွန်လပထမပတ်အတွင်းက အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို လသာမြို့နယ်တွင် စိတ်ကြွဆေးပြား WY အလုံး ၁၀၀၀ နှင့်အတူ ဖမ်းဆီးခံခဲ့ရရာ ၎င်းသည် စမ်းချောင်းမြို့နယ်ရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါးများရရှိခဲ့သူဖြစ်သည်ဟု ခိုင်မာသည့်သတင်းရင်းမြစ်တစ်ဦးကလည်း ပြောဆိုသည်။
"အဲ့ဒီကောင်လေးက ဖျာပုံလမ်းထဲကပဲ။ WY အလုံးတစ်ထောင်နဲ့ လသာဘက်မှာမိတယ်။ သူ့ရဲ့အပေါ်လူက ထိုးကျွေးလိုက်တဲ့ သဘောပဲ။ အပေါ်ကကောင်ကတော့ပြေးပြီ။ အဲ့ဒီကောင်က မုန့်လက်ဆောင်းကုန်းထဲမှာနေတာ။ စိတ်ကြွဆေးတွေကို ၂၄ (စမ်းချောင်းရဲစခန်း) က ယူတာ။ ရဲကပေးပြီး ရဲကပဲပြန်ဖမ်းတာ။ အကွက်တွေကတော့လှတယ်"ဟု ၎င်းက ရှင်းပြသည်။
MPA က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် လူငယ်အမျိုးသားနှင့် နီးစပ်သူတစ်ဦးကိုမေးမြန်းရာတွင် ဖြစ်စဉ် မှန်ကန်ကြောင်းနှင့် လက်ရှိတွင် အင်းစိန်ထောင်အတွင်းရောက်ရှိနေပြီး အပြီးသတ်အမိန့်ချရန်စောင့်ဆိုင်းနေရကြောင်း အတည်ပြုပြောဆိုသည်။
"ကောင်လေးက အပေါ်ကကောင်ခိုင်းလို့ အလုံးတစ်ထောင်လောက်ထည့်ထားတဲ့အိတ်နဲ့ ယူမယ့်သူကိုသွားပေးတာ။ သူတို့တွေကို ရဲကပေးတာဆိုတော့ ဖမ်းခံရမယ်လို့ မထင်ထားဘူး။ လသာရောက်တော့ ရဲကပဲဖမ်းတာ။ ဒါပေမဲ့ ရဲကပေးတယ်လို့ မထွက်ဆိုခိုင်းဘူး။ ဖမ်းခံရတဲ့ကောင်လေးအိမ်ကို နောက်ကထောက်ပံ့ပေးတယ်ကြားတယ်။ ဆေးခြောက်တွေကိုလည်း စခန်းကပဲ ယူပြီး စမ်းချောင်းထဲမှာရောင်းနေတဲ့ကောင်တွေရှိသေးတယ်"ဟု အဖမ်းခံရသူနှင့်နီးစပ်သူက ပြောဆိုသည်။
စမ်းချောင်းမြို့နယ်ရဲစခန်းမှ ရဲများနေထိုင်သည့် မဟာမြိုင်ရဲဝင်းအတွင်း မူးယစ်ဆေးဝါးရောင်းချသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ လင်းလင်းထွန်း(ခ)ကိုလင်းဆိုသူတို့ ပြီးခဲ့သည့်သုံးလခန့်က ပဒုမ္မာလမ်းတွင် WY စိတ်ကြွဆေးပြားတစ်လုံးဖြင့် ဖမ်းဆီးရမိခဲ့ဖူးသည်။
မဟာမြိုင်ရဲဝင်းအနီးနေထိုင်သူတစ်ဦးက "ရဲဝင်းထဲမှာ ဆေးရောင်းတဲ့ ရဲလည်း ရှိတယ်။ အရက်သမားရဲလည်း ရှိတယ်။ မီးတန်းကား ညဘက်ရပ်ရင် ကားထဲကအနံ့တွေရတာနဲ့ ဒါဘာလုပ်ထားလဲသိတယ်။ အကိုတို့လည်း လူငယ်ကနေ လူကြီးဖြစ်လာတာပဲ။ ရောင်းတဲ့ကောင်လေးက ရဲတော့မဟုတ်ဘူး။ ရဲရဲ့ ညီပေါ့။ သူနဲ့သူ့ငယ်ချင်းတစ်ယောက်က WY တစ်လုံးတည်းနဲ့ ပါသွားတာ။ထောင်ထဲမှာပဲထင်တယ်"ဟု ၎င်းက ပြောပြသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရဲစခန်းအချို့တွင် WY စိတ်ကြွဆေးပြားများရောင်းချနေပြီး ၁၀ လုံး (အရပ်ခေါ် တစ်တန်း )နှင့် ၂၀၀ လုံး (အရပ်ခေါ် ရာသီး) ယူ၍မရဘဲ အနည်းဆုံး အလုံး ၁ဝဝဝ (အရပ်ခေါ် တစ်တောင့်) ယူရကြောင်း MPA အနေဖြင့် စုံစမ်းသိရှိရသည်။

MPA

0 comments:

Post a Comment