Wednesday, October 26, 2022

ရုရှားကျောထောက်နောက်ခံပြု ပင်းပက်သံမဏိစက်ရုံကို ချိတ်ဆက်မည့် ရထားလမ်းဖောက်လုပ်မှု စတင်


ရုရှားကျောထောက်နောက်ခံပြုထားတဲ့ စီမံကိန်းတွေထဲ တစ်ခုဖြစ်တဲ့ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ကို ဆက်သွယ်ပေးမယ့် ပင်းပက်-နောင်ကား ရထားလမ်းဖောက်လုပ်မှု စတင်နေပြီလို့ သိရှိရပါတယ်။
မီးရထားလမ်းအရှည် (၁၅) မိုင်ခန့် ရှိတဲ့ ရထားလမ်းက တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းရဲ့ ခွဲထွက်လမ်းဖြစ်ပြီး လမ်းဖောက်လုပ်မှုစီမံကိန်းမှာ ပါဝင်နေတဲ့ မြေဧက (၂၁၀) ကျော်အတွက် မြေယာလျော်ကြေးအဖြစ် ကျပ်သိန်း (၂,၀၀၀) ကျော် ပေးထားပါတယ်။
ရထားလမ်းသစ် ဖောက်လုပ်ဖို့ မြန်မာ့မီးရထားဘက်က လိုအပ်တဲ့ ကွန်ကရစ်ဇလီဖားတုံး သယ်ယူတဲ့လုပ်ငန်းနဲ့ သံလမ်း သယ်ယူတဲ့ လုပ်ငန်းတို့အတွက် အိတ်ဖွင့်တင်ဒါ (Open Tender) ကို ခေါ်ယူထားတယ်လို့ သိရှိရပါတယ်။
ရုရှားအစိုးရပိုင် Tyazhpromexport (TPE) နဲ့ တပ်ပိုင် စီးပွားရေးလုပ်ငန်း MEC တို့အကြား ဖက်စပ်လုပ်ကိုင်နေတဲ့ သံမဏိတူးဖော်သန့်စင်ရေးစီမံကိန်းဖြစ်တဲ့ သံမဏိစက်ရုံ(ပင်းပက်)ကို လာမယ့်နှစ် ၂၀၂၃ မှာ ဖွင့်လှစ်ဖို့ ရည်မှန်းထားပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ (၈)မိုင်ခန့်အကွာ ပင်းပက်ရှိ မြေ (၅,၂၆၀) ပေါ်မှာ တည်ဆောက်ထားတဲ့ စီမံကိန်းအတွက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ ယူရို (၁၃၇) သန်း တန်ကြေးရှိတဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စက်ရုံကို သတ်မှတ်ရက်အတွင်း စတင်လည်ပတ်ပြီး သံမဏိထုတ်လုပ်မှုကို အမြန်ဆုံးဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်သလို ထွက်ရှိလာတဲ့ သံရိုင်းနဲ့ သံမဏိတို့ကို သယ်ယူဖို့အတွက် လျှပ်စစ်ရထားပြေးဆွဲနိုင်ရန် ရထားလမ်းတွေ တည်ဆောက်ဖို့လည်း ညွှန်ကြားထားပါတယ်။
စီမံကိန်းကနေ သံတန်ချိန် (၂)သိန်းနဲ့ သံသတ္တုရိုင်းတန်ချိန် (၇)သိန်း (၂)သောင်း ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး ထိုစက်ရုံက ထွက်ရှိတဲ့ သံသတ္တုရိုင်းတွေကို အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)မှာ သံမဏိထုတ်လုပ်ဖို့ ကုန်ကြမ်းအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။
ဘူမိဗေဒလေ့လာမှုတွေအရ စက်ရုံအနီးရှိ သံသတ္တုမိုင်က သံရိုင်း ၅၆.၄ ရာခိုင်နှုန်းပါတဲ့ Hematite သံရိုင်းတန်ချိန် ၁၀.၇ သန်း၊ သံရိုင်း ၄၂.၆ ရာခိုင်နှုန်းပါ Limonite သံရိုင်းတန်ချိန် ၅၉.၃ သန်း ထုတ်လုပ်နိုင်တယ်လို့ နိုင်ငံပိုင် GNLM က ၂၀၁၆ ခုနှစ် စက်တင်ဘာလ ဖော်ပြချက်အရ သိရှိရပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment