Monday, October 17, 2022

ပြည်မြို့ဒေသခံ ၂၀ ကျော် အကြမ်းဖက်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ

ပဲခူးတိုင်း၊ ပြည်မြို့ ပြည်အကျဉ်းထောင်တွင်း ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒေသခံ ၂၀ ကျော်ကို အချိန်တစ်လခွဲအတွင်း အကြမ်းဖက်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
စက်တင်ဘာလဆန်းကနေ အခုအောက်တိုဘာ လလယ်အထိ တစ်လခွဲအတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည)၊ ၅၁(က) (ဂ)၊ ၅၂(က) ပုဒ်မတွေနဲ့ စွဲဆိုခံထားရသူတွေကို အမိန့်ချနေတာဖြစ်ပြီး အများစုက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ အရင်ကတည်းက စွဲထားတာလည်းအများကြီးပဲ။ အမှုတွေတက်တာ အရမ်းများတယ်။ အရင်ကတည်းက စွဲလာတဲ့ဟာတွေက အမှုတွေ ပြီးပြတ်လာတဲ့သဘောပေါ့။ အမြန်စစ်တဲ့ဟာတွေ လည်းရှိတယ်။ လူ ၂၀ ကျော် အမိန့်ချတယ်ဆိုတာက ဒီတစ်လခွဲအတွင်းပေါ့နော်။ သူ့ရှေ့မှာ အမိန့်ချလာတဲ့ ဟာတွေလည်း ရှိတယ်”
ပြည်ခရိုင်အတွင်းမှာရှိတဲ့ ပြည်၊ ရွှေတောင်၊ ပန်းတောင်း၊ ပေါက်ခေါင်း မြို့နယ်တွေက ဖမ်းဆီးခံရသူတွေ အမိန့်ချခံနေရတာဖြစ်ပြီး အများစုကတော့ ပြည်မြို့နယ်နဲ့ ပန်းတောင်းမြို့နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။
အခုမိန့်ချမှတ်တဲ့ သူတွေထဲမှာ မိုဘိုင်းငွေကြေး အက်ပလီကေးရှင်းတွေကနေ တဆင့် ငွေကြေးထောက်ပံ့တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဆက်နွယ်တာ စတဲ့ စွပ်စွဲချက်တွေနဲ့ အမိန့်ချခံရသူ အများစု ပါဝင်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။
အခုလို ဆက်တိုက် အမိန့်ချမှတ်လာမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာလာတာတော့ မရှိသေးပါဘူး။
အရင် ၂၀၂၁ ခုနှစ်အတွင်းကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရေးသားတွေ ရေးသားလို့ဆိုပြီး ၅၀၅ (က) ပုဒ်မလောက်နဲ့ပဲ အရေးယူတာတွေ ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ဖမ်းဆီးခံရပြီဆိုတာနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ပါ အရေးယူလေ့ရှိတယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၇ ရက်ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး စုစုပေါင်း ၁၅၈၇၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂၃၆၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ပြည်မြို့ အကျဉ်းထောင်ကို တွေ့ရစဉ်။(Photo: Citizen Journalist)
RFA

0 comments:

Post a Comment