Wednesday, October 26, 2022

ဧရာဝတီတိုင်းမှာ စားအုန်းဆီ တစ်ပိဿာကျပ် ၉၀၀၀ ကျော် အထိ ပြန်တက်လာ

ဧရာဝတီတိုင်း စားအုန်း ဆီဈေးကွက်မှာ စားအုန်းဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက အခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်တဲ့ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးထက် ငွေကျပ် ၅၀၀၀ ကျော်အထိ ဈေးပိုတက်လာတယ်လို့ စားသောက် ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။

ကော်မတီအနေနဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကို တစ်ပိဿာ ၄၁၇၅ ကျပ် သတ်မှတ်ထားတာဖြစ်ပြီး ဧရာဝတီတိုင်းမှာ စားအုန်းဆီ တစ်ပိသာငွေကျပ် ၉၅၀၀  အထိဈေးပေါက်နေတဲ့အတွက် ကော်မတီကထုတ်ပြန်ခဲ့တဲ့ရည်ညွှန်းဈေးထက် ဆီတစ်ပိသာကိုငွေကျပ် ၅၃၂၅  အထိဈေးတက်လာပြီး ကော်မတီရဲ့ရည်ညွှန်းဈေးကလည်း အရင်တပတ် ရည်ညွှန်းဈေး နဲ့ယှဉ်ရင်လည်း ငွေကျပ် ၂၁၅ ပြန်တက်လာတယ်လို့ သိရပါတယ်။

ဒီလို စားသုံးဆီဈေး ပြန်တက်လာတဲ့ အကြောင်း အရင်းဟာ ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ဈေးကွက်ကျွမ်းကျင်သူတွေ ဆီကနေသိရပါတယ်။

"အရင် ရက်ပိုင်းက ပြင်ပမှာ စားအုန်းဆီတစ်ပိသာကို ငွေကျပ် ၅၅၀၀ အထိကျဆင်းခဲ့တာ ၊ အခုကျတော့ပြင်ပမှာ စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၉၅၀၀ အထိရုတ် တရက် ပြန်တက်လာတယ် ၊ ကော်မတီကနေ ထုတ်ပြန် တဲ့ ဈေးကလည်း အရင်ကထက် ငွေကျပ် ၂၀၀ ကျော်ပြန် တက်လာတယ် ၊ ကော်မတီကိုယ်တိုင်ကကို ဈေးကိုမထိန်း နိုင်သေးဘူး ဖြစ်နေတာ ၊ ဈေးကစားတဲ့သူတွေ၊ သိုလှောင်တဲ့သူတွေ အရေးယူမယ်လို့သာ ပြောနေတယ် ၊ ဒီကနေ့အထိ ဘာမှ ဖြစ်မလာသေးဘူး၊ ဈေးက သူများကို အရေးယူဖို့မပြောနဲ့၊ သူတို့ဆီမှာတောင် ဈေးမငြိမ်သေးဘူး ၊ ထိန်းမထားနိုင်သေးဘူး "လို့ စားသောက်ကုန် ရောင်းချတဲ့ ဈေးကွက်ကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။

၂၀၂၀ ခုနှစ်က ပြည်တွင်း စားအုန်းဆီဈေး တစ်ပိဿာ ကိုငွေကျပ် ၂၄၀၀ ဝန်းကျင်သာ ရှိခဲ့ရာကေန ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ငွေကျပ် ၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်အထိ ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတာလို့ သိရပါတယ်။

"ဆီဈေးတွေက ၆၀၀၀ ကျော်ကနေ ချက်ချင်းကြီး ၈၀၀၀ ကျော်၊ အဲ့ကနေ  ဒီနေ့ ၉၀၀၀ ကျော် ဖြစ်သွားတယ်၊ ဈေးက ပြန်ကျဖို့သာကြာတာ ၊ တက်ရင်တော့ မြန်သလားမမေးနဲ့ ၊ချက်ချင်းကို ခုန်တက်သွား ကျရင်တော့ ခဏပဲ။ တက်ရင်တော့ ပြန်ကိုမဆင်းတော့ဘူး"လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

ပြည်ပက တင်သွင်းနေရတဲ့ စားသုံးဆီအမျိုးမျိုးဟာ နိုင်ငံခြားငွေ လဲလှယ်နှုန်းပေါ် မူတည်နေတဲ့အတွက် ဈေးမငြိမ်ဖြစ်နေတာလို့ သိရပါတယ်။

ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းတွေဟာ သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့ ဒေသပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်နေပြီး တချို့ဒေသတွေနဲ့ တဆင့်ခံ ပြန်ရောင်းနေတဲ့ ဆိုင်တွေမှာ တစ်ပိဿာ ကျပ် ၉၀၀၀ အထက်ထိ ပေါက်ဈေး ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက လက်ရှိမှာ စားသုံးဆီ တစ်ပိဿာ ၄၄၀၀ ကျပ်နဲ့ ရောင်းချပေးနေပေမယ့် လုံလောက်မှု မရှိဘူးလို့ တန်းစီ ဝယ်ယူသူတစ်ဦးကပြောပြချက်အရသိရပါတယ်။

''ရောင်းချပေးနေတဲ့ အခြေအနေကလည်း ထိရောက်မှုအားနည်းတယ်  ၊ ရောင်းပေတဲ့ ပမာဏနဲ့ ဝယ်ယူတဲ့ ပမာဏ အရမ်းကွာနေတာ ၊ မလောက်ငှလို့ မရတဲ့ အခြေအနေနဲ့ ကြုံရတာတဲ့အခါက ပိုများနေတယ်။''လို့ ၎င်းဆက်ပြောပါတယ်။

ပြည်တွင်း စားအုန်းဆီသုံးစွဲမှုဟာ တစ်နှစ်ကို တန်ချိန် ၁၀ သိန်းကျော်အထိ ရှိနေတဲ့အတွက် နှစ်စဉ် တန်ချိန် ၆ သိန်းကနေ ၇ သိန်းကြားကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကနေ အဓိက တင်သွင်းနေရတယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment