Wednesday, October 26, 2022

တကျော့ပြန်ရခိုင်စစ်ပွဲ ဘယ်လိုဖြစ်လာနိုင်သလဲ

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အမြင့်ဆုံးဟုဆိုရမည့် “ကွန်ဖက်ဒရယ်” နိုင်ငံရေးရည်မှန်းချက်ကို (AA)က တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
ယင်းသို့ တရားဝင်ထုတ်ဖော် ပြောဆိုမှုကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ရက္ခိုင့်တပ်တော်(AA)၏ စစ်ဦးစီးချုပ် ကိုယ်တိုင် ပြောဆိုထားခြင်း ဖြစ်သည်။
ထိုအချိန်သည် ရခိုင်ဒေသတွင် တိုက်ပွဲများပြင်းထန်နေချိန်ဖြစ်သော်လည်း တစ်နှစ်ခန့်အကြာ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲနီးချိန်တွင် ရခိုင်တိုက်ပွဲများ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ထိုသို့ရပ်တန့်နေခဲ့ရာမှ ယခု ၂၀၂၂ နှစ်ခု၊ နှစ်ဆန်းပိုင်းကစ၍ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြန်သည်။
ထိုတကျော့ပြန်တိုက်ပွဲများသည် နေရာပိုမိုကျယ်ပြန့်လာပြီး စခန်းသိမ်းတိုက်ပွဲများနှင့်အတူ နယ်မြေထိန်းချုပ်မှု တိုက်ပွဲများအထိ ဖြစ်လာနေသည်။ ဒေသတွင်း လူထုထောက်ခံမှု ရရှိပြီးသားဟုဆိုရမည့် AA သည် တကျော့ပြန် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ အရေးပါသည့်အထိုင်စခန်းများကို တိုက်ခိုက်သိမ်းပိုက် သည်အထိ တိုက်ပွဲအရှိန်မြှင့်တင်လာသည်ကိုလည်း တွေ့ရသည်။
စစ်ကောင်စီဖက်ကလည်း တိုက်ပွဲအ တွင်း ကြည်း၊ရေ၊လေ၊ စစ်ကြောင်းပေါင်းစုံနှင့် မီးကုန်ယမ်းကုန် တိုက်ခိုက် လာနေသည်ကလည်း လက်ရှိရခိုင်စစ်မီး၏ အရှိန်အဟုန်ကို သက်သေခံလျက်ရှိသည်ဟု ရခိုင်စစ်ရေးလေ့လာသူ များနှင့် အရပ်ဖက်အဖွဲ့အစည်းတချို့က သုံးသပ်ကြသည်။
ရခိုင်အရေးလေ့လာသူတစ်ဦးဖြစ်သည့် ဝါရင့်နိုင်ငံရေးသမား၊ လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ''ဒီနှစ်ဦးကစပြီး ဖြစ်လာတဲ့တိုက်ပွဲတွေကြတော့ ထိတွေ့တိုက်ပွဲမဟုတ်တော့ဘူး။ စခန်းတွေကို တိုက်တဲ့တိုက်ပွဲ၊ နယ်မြေသိမ်းတဲ့ တိုက်ပွဲတွေဖြစ်လာတယ်။''ဟု သုံးသပ်ပြောဆိုသည်။
ထိုအပြင် အာဏာသိမ်းစစ်တပ်ကလည်း အမာခံစခန်းများ၊ အထိုင်စခန်းများ၊ ဗျူဟာကုန်းများသာမက၊ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်စခန်းများနှင့် မြို့ပေါ်ရှိ ရဲစခန်းများ၊ တံတားများ၊ မြို့အဝင်၊ အထွက်များနှင့် ဌာနဆိုင်ရာရုံးများကိုပါ အခိုင်အမာတည်ဆောက်ကာ အင်အားဖြည့် နေရာယူလာသည်ကို တွေ့ရသည်။
တကျော့ပြန်ရခိုင်တိုက်ပွဲသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝရီလ ၄ ရက်နေ့က မောင်တောမြောက်ပိုင်းတွင် ပြန်လည် စတင်ခဲ့သည်။
ထိုတိုက်ပွဲမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့လည်ပိုင်းတွင် မောင်တောမြောက်ပိုင်း၌ တစ်ရက်တည်း တိုက်ပွဲ သုံးနေရာထိ ဖြစ်ပွားခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကြိမ်ချောင်း- တောင်ပြိုကားလမ်း၊ သင်္ဘောလှကျေး ရွာအနောက်ဖက် တောထဲ၊ မင်္ဂလာကြီးကျေးရွာ အနောက်ဖက်တောထဲနှင့် မဲဇလီချောင်းဖက်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲမှာ ရက္ခိုင့်တပ်တော်(AA) ရခိုင်ပြည်ထဲမှာ စတင်အခြေချချိန်မှ ယနေ့အထိ မောင်တောမြောက်ပိုင်းတွင် ပထမဆုံးအချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
ထိုအပြင် တကျော့ပြန်ရခိုင်စစ်ပွဲ၏ ပထမဦးဆုံး ပွဲဦးထွက်တိုက်ပွဲလည်းဖြစ်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ နှစ်ဘက်အားပြိုင် အကဲစမ်းပွဲလည်း ဖြစ်သည်။
ထိုရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး တိုက်ပွဲများမှာ ရက္ခိုင့်တပ်တော်(AA) အတွက် လွှတ်မြောက်နယ်မြေ အပိုင်ရရန် ကြိုးစားတိုက်ပွဲဖော်ဆောင်လာမှုဖြစ်ကြောင်း ရခိုင်စစ်ရေးလေ့လာသူများက ဆိုကြသည်။
“ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အေအေက ထပ်ပြီးတော့ စခန်းသိမ်းတိုက်ပွဲတွေ ဆင်လာတယ်။ ဆိုတော့ ဒီတကျော့ပြန်တိုက်ပွဲက နှစ်ဖက်စလုံးအတွက် အရေးကြီးတဲ့ အခြေအနေလို့ သုံးသပ်ကြည့်လို့ရပါတယ်။” ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးဖြစ်သည့် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောဆိုသည်။
အေအေ၏စခန်းသိမ်းတိုက်ပွဲများ
ရက္ခိုင့်တပ်တော်(AA)က တကျော့ပြန် ရခိုင်စစ်ပွဲကို မောင်တောမြောက်ပိုင်းတွင် ပြုလုပ်လာသကဲ့သို့ စခန်းသိမ်း တိုက်ပွဲများကိုလည်း ဆင်နွဲ့အောင်ပွဲခံလာနိုင်သည်ကို သတိထားမိသည်။
ထိုတကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း အေအေဖက်က အပြီးသတ်နယ်မြေ ထိန်းချုပ်စိုးမိုးရေး တိုက်ပွဲများ ဖော်ဆောင်နေပြီး စစ်ကောင်စီအနေဖြင့် နယ်မြေမကျရှုံးရေးအတွက် ခံစစ်ပုံစံနှင့် ကျားကန်နေရသည့် အခြေအနေကို တွေ့ရသည်။
အဆိုပါ မောင်တောမြောက်ပိုင်းအတွင်း ဇူလိုင်လ ၁၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦးကို အေအေက ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်း ရမိခဲသည်။
ထို့နောက် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာမြောက်ဘက်တွင် သြဂုတ်လ ၁၃ ရက်မှာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ခြောက်ဦးကျဆုံးခဲ့ပြီး လက်နက်ငယ်နှစ်လက်၊ ခဲယမ်း၊ ဆေးဝါးရိက္ခာများ သိမ်းဆည်းရမိခဲ့သည်ဟု အေအေထုတ်ပြန်ခဲ့သည်။
ယင်းနေ့မှာပင် မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မိုင်တိုင် ၄၀အနောက်တောင် ဖက်တွင် စစ်ကောင်စီ၏ ခမရ ၃၅၂ နှင့် အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲများအပြီး စစ်တွေ-အငူမော်-မောင်တောလမ်းကို သြဂုတ်လ ၁၄ ရက်နေ့ကစတင်ပြီး ဒေသခံ ပြည်သူများ ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်သည်။
ထိုအပြင် ဘူးသီးတောင်မြို့နယ်ရှိ တပ်ရင်းများနှင့် ထိုမြို့သို့ရောက်ရှိနေသည့် တပ်မ ၂၂ ကို မောင်တော မြောက်ပိုင်းသို့ အလျှင်စလို အင်အားဖြည့်တင်းလိုက်သည်ကို တွေ့ရသည်။
သို့သော်လည်း ထိုအခြေအနေများကြားက ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင် ၄၀ အထိုင်စခန်းကို သြဂုတ်လ ၃၁ ရက်နေ့မှာ အေအေမှအပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုနောက် မောင်တောမြောက်ပိုင်း၊ ဂြိတ်ချောင်းကျေးရွာ အရှေ့တောင်ဘက်၊ ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်) ရှိ စစ်ကောင်စီ၏ ခမရ ၃၅၂ တပ်ရင်း အထိုင်စခန်းကုန်းကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ အေအေက ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
ထိုကဲ့သို့ အထိုင်စခန်းများ သိမ်းပိုက်ခံရပြီးနောက် ပဲခူးအခြေစိုက်တပ်မ ၇၇ တစ်မလုံးကို မောင်တော မြောက်ပိုင်းသို့ ထပ်မံအင်အားဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင် ရယူရန်ကြိုးစားအား ပြုလာသည်ကို တွေ့ရ သည်။
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်းငါးဆယ်ပတ်လည်အတွင်း ဗျူဟာသုံးခုနှင့် တပ်မတစ်ခု အပါအဝင် စခန်းပေါင်း တစ်ရာနီးပါးတွင် အင်အားငါးထောင်ခန့်ဖြင့် နေရာအနှံ့အပြား အခိုင်အမာ တည်ဆောက်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အေအေ၏ ပိတ်ဆို့မှုများကို ခံနေကြရသည်။
ထိုကြောင့် မောင်တောမြောက်ပိုင်းရှိ လက်နက်ကြီးတပ်ဆင်ထားသည့် လိပ်ရနယ်ခြားစောင့် စခန်းကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အေအေက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံပန့် သုံးဦးနှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။
ရခိုင်တွင် လက်ရှိအခြေအနေမှာ ရက္ခိုင့်တပ်တော်(AA)ကလည်း အမာခံစခန်းများ၊ အထိုင်စခန်းများ၊ ဗျူဟာကုန်း များကို အခိုင်အမာနေရာယူ တည်ဆောက်ထားသည်ကို တွေ့ရသည်။
နှစ်ဖက်စစ်ရေးအားပြိုင်မှုများ
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်ပြင်းထန်လာနေသည့် မြန်မာတစ်ပြည်လုံးက ပြည်သူ့ခုံခံတော်လှန်စစ်ကို အကြီးအကျယ်ခံနေရသည့် အာဏာသိမ်းစစ်တပ်မှာ စစ်သည်အင်အား လျော့နည်းနေသည့်အတွက် လက်နက် အင်းအားကိုသာ အားကိုးအသုံးပြုနေသည်ကို တွေ့ရသည်။
တကျော့ပြန် ရခိုင်စစ်ပွဲအတွင်း တိုက်ပွဲဖြစ်သည့်နေရာများနှင့် အသိမ်းခံရသည့် အထိုင်စခန်းများသို့ မြေပြင် စစ်ကူများ မပို့ဆောင်နိုင်သည့်ကို သတိထားမိသည်။
သို့သော်လည်း ထိုအခြေအနေများကို ဖြေရှင်းရန် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူးများဖြင့် အားဖြည့် ပြောင်းလဲလာသော်လည်း အေအေ၏ စစ်ရေးဗျူဟာကို ကောင်းစွာမတွန်းလှန်နိုင်သည်ကို တွေ့ရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်၏ ကြေး၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုနှင့် စစ်သည်အင်အား အဆမတန် သုံးစွဲမှုများကို အေအေဖက်က သတင်းအချက်အလက်များ ကြိုတင်ရရှိမှုနှင့် အပိုင်တိုက်ခိုက်နိုင်မှုများက အနိုင်ယူသွားသည်ကိုသာ တွေ့ရသည်။
တကျော့ပြန် ရခိုင်စစ်ပွဲစတင်ရာနှင့် အပြင်းထန်ဆုံး တိုက်ပွဲများဖြစ်ပွားနေသည့် မောင်တောမြို့နယ်အတွင်း နဂိုရှိရင်းစွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀၀၀ ကျော်အပြင် နောက်ထပ် စကခ ၁၅ လက်အောက်ခံ တပ်ရင်းများ၊ တပ်မ ၂၂ မှ ထုတ်နှုတ်အင်အားများအပြင် တပ်မ ၇၇ မှ အင်အားတစ်ထောင်အထိအသုံးပြု ဖြည့်တင်းထားသည်ကို သတိထားမိသည်။
မြန်မာပြည်အနှံ့ ပြည်သူ့ခုံခံတော်လှန်စစ်ကို ရင်ဆိုင်နေရပြီး ရခိုင်တစ်ပြည်လုံးမှာ နှစ်ဖက်စစ်ရေး တင်းမာ နေသော်လည်း မောင်တောဒေသတစ်ခုလုံး လက်လွှတ်မဆုံးရှုံးစေရေး အင်အား အများဆုံး အသုံးပြုနေ၊ ခုခံနေသည်က စစ်ကောင်စီ၏ စစ်ရေးဗျူဟာ ဆုံးရှုံးမှုကို သက်သေပြနေသည်။
ရခိုင်ပြည်တွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များအပြင် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ)၅၊စကခ ၉၊စကခ ၁၅ များနှင့် ရဲ၊ နယ်ခြားစောင့်အပါအဝင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံးကို အသုံးပြုခုခံနေရသည်ကို တွေ့ရသည်။
ထိုအပြင် တပ်မ ၁၁၊ တပ်မ ၂၂၊ တပ်မ ၅၅၊ တပ်မ ၇၇ စသည့် တပ်မသုံးမနှင့် စကခ သုံးခုကို ဖြန့်ခွဲစစ်ဆင်ရေး ပြုလုပ်ပြီး အေအေထိုးစစ်ဆင် သိမ်းပိုက်နေမှုများကို မြန်မာတစ်ပြည်လုံးတွင် စစ်သည်အင်အား အများဆုံးကို အသုံးပြုပြီး တပ်ဖြန့်ရင်ဆိုင်ထားသည်ကို တွေ့ရသည်။
ထို့နောက် မောင်တောမြောက်ပိုင်းရှိ အင်အားအများဆုံးနှင့် အကြီးဆုံးဖြစ်
သည့် ကြိမ်ချောင်းဗျူဟာကို တပ်မအဆင့်သို့ တိုးထားပြီး တပ်မ ၇၇ မှ တပ်မတစ်မလုံး အင်အားကိုလည်း မောင်တောသို့ ပို့ဆောင် ဖြည့်ထားသည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့က စစ်ကောင်စီခေါင်းဆောင်မှ အမှတ် ၈၈ ခြေမြန် တပ်မဌာနချုပ်၏ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်ကို တပ်မ ၇၇ ၏ တပ်မမှူးအဖြစ် တိုးမြှင့်ခန့်ထား လိုက်သည်။
ထိုတပ်မမှူးကို မောင်တောမြောက်ပိုင်းတစ်ခုလုံး အေအေလက်ထဲသို့ မကျဆုံးစေရေးအတွက်တိုက်ရိုက်ဦးဆောင် ကွပ်ကွဲခိုင်းထားပြီး အေအေအား သုံးလနှင့်အပြတ် ထပ်မံအမြစ်ဖြတ်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်ရန် အမိန့်ပေးထားကြောင်း စစ်ကောင်စီတပ်အရာရှိကြီး အသိုင်းအဝိုင်းက ဆိုသည်။
ရက္ခိုင့်တပ်တော်(AA)ဘက်ကမူ တပ်မဟာ ၂ အထိုင်ဗျူဟာမှ တပ်မဟာမှူး ဗိုလ်မှူးကြီးထွန်းဝေ ဦးဆောင် ကွပ်ကွဲပြီး တပ်ဖွဲ့ဝင်အင်အား တစ်သောင်းထက်မနည်း အသုံးပြုတိုက်ပွဲဝင်နေကြောင်းလည်း သတင်းရင်းမြစ် တချို့က ဆိုသည်။
စစ်သည်အင်အား သုံးသောင်းထက်မနည်းရှိနေပြီးဟု အေအေစစ်ဦးစီးချုပ်က တရားဝင် ထုတ်ဖော်ပြောဆိုထားရာ မောင်တောမြို့နယ်တစ်ခုတည်းတွင် တပ်ဖွဲ့ဝင်အင်အား တစ်သောင်းအထိ အသုံးပြုတိုက်ပွဲဝင်နေသည့် အေအေ စစ်ဗျူဟာလည်း စိတ်ဝင်စားစရာကောင်းလှသည်။
စစ်ကောင်စီ၏ဖြတ်လေးဖြတ်ဗျူဟာ
တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီ အဓိကအသုံးပြုလာသည့်မှာ အလုပ်မဖြစ်သည့် လမ်းဟောင်းအတိုင်း ဖြတ်လေးဖြတ်ဗျူဟာပင် ဖြစ်သည်။
တကျော့ပြန် ရခိုင်တိုက်ပွဲမစခင်ကတည်းက ပြည်မမှတဆင့် ရခိုင်ပြည်တွင်းသို့ ကုန်စည်စီးဆင်းမှု အားလုံးနှင့် ပစ္စည်းသယ်ယူမှုများကို တင်းကြပ်ထားပြီး ရခိုင်ပြည်သူလူထုကို အဓိကပစ်မှတ်ထား လုပ်ဆောင်နေခဲ့သည်။
တကျော့ပြန် ရခိုင်တိုက်ပွဲ ဖြစ်ပွားလာချိန်တွင် ဒေသတွင်း ကုန်စည်စီးဆင်းမှုများ၊ နိုင်ငံတကာနှင့် ဒေသတွင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအပြင် ရခိုင်ပြည်သူ လူထု၏ လွတ်လပ်စွာသွားလာခွင့် လမ်းပန်ဆက်သွယ်ရေးအားလုံးနီးပါးကို အကန့်အသတ်မရှိ ပိတ်ဆို့ တားမြစ် ထားသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် တစ်ခုတည်သော အငူမော်-မောင်တောလမ်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့ကတည်းက ယနေ့အချိန်ထိ ပြည်သူ လူထုတစ်စုံ တစ်ဦးမျှ ဖြတ်သန်းသွားလာခွင့် မရအောင် ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်။
ထို့အပြင် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အမြန် ရေယာဉ်လိုင်းများနှင့် ပြည်တွင်းရေကြောင်းလိုင်းအားလုံးကို ရခိုင်မြောက်ပိုင်း တစ်ခုလုံးသို့ ခရီးစဉ် ပြေးဆွဲခြင်း များကို အကန့်အသတ်မရှိ ရပ်တန့်ခိုင်းထားသည်။
ထိုကဲ့သို့ တားမြစ်ထားရုံမျှက မြို့နယ်တွင်း သွားလာမှုများနှင့် မြို့နယ်ချင်းဆက် တံတားများပေါ်တွင်ပင် အင်အား ရာချီပြီး စခန်းချတပ်စွဲကာ ပြည်သူလူ ထုအားလုံးကို ဖြတ်တောက်ပိတ်ဆို့ အခက်တွေ့စေရန်လုပ်ဆောင်နေသည်။
ရခိုင်ပြည်တွင်းသို့ ဆေးဝါးတင်သွင်းခွင့် အားလုံးကို တားမြစ်ကန့်သတ်ထားပြီး ရခိုင်ပြည်သူလူထု တစ်ရပ်လုံးကို ဆေးဝါးကုသခွင့်အထိ ကန့်သတ်ဖြတ်တောက်မှုများ ပြုလုပ်လာနေသည်။
ထိုကဲ့သို့ ဖြတ်တောက်မှုများနှင့်အတူ သတင်းအချက်အလက်များနှင့် ကူညီထောက်ပံ့မှုများကို ဖြတ်တောက်ရန် အတွက် ရခိုင်တစ်ပြည်လုံးရှိ စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူခြိမ်းခြောက် ဖမ်းဆီးတရားစွဲခြင်းနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းဝင်များ၊ ဒေသတွင်းတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးတရားစွဲဆိုခြင်းများ ဆက်တိုင်းပြုလုပ် နေသည်။
ရခိုင်ပြည်သူလူထု အကြောက်တရားဝင်ပြီး အမြင်မှားကာ ထောက်ခံအားပေးမှု ကျဆင်းလာစေရန်အတွက် စစ်ကောင်စီသည် ၎င်းတို့၏ အထိုင်စခန်းများ၊ တပ်ရင်းများ၊ ဗျူဟာကုန်းများမှ ရပ်ကွက်၊ ကျေးရွာ၊မြို့တွင်းသို့ လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်မှုများ ပြုလုပ်နေသည်။
ထိုအပြင် ရေတပ်သင်္ဘောများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေသည်သာမကဘဲ မြေပြင်ကြေးတပ်များ ကလည်း လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးမှုများနှင့် ပြည်သူများအား အကြောင်းမဲ့ မတရားဖမ်းဆီးမှုများကို ပြုလုပ်နေသည်။
သတင်းတု၊ သတင်းမှားများကို တပ်ဖွဲ့လိုက် စနစ်တကျဖြန့်ဝေခြင်းများကိုလည်း စစ်ကောင်စီသည် အချိန်ပြည့် အကြောင်းအရာမျိုးစုံဖြင့် ပြုလုပ်နေပြီး ဒေသခံသတင်းသမားများနှင့် ရခိုင်အခြေစိုက် သတင်းဌာနများကို တရားစွဲခြိမ်းခြောက် ပုံဖျက်ခြင်းများလည်း ပြုလုပ်နေသည်။
ထိုထက်ဆိုးဝါးသည်မှာ ဘာသာရေးနှင့် လူမျိုးရေးကို အသုံးချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပြန်လည်ဖြစ် ပွားလာစေရန် မြေပြင်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင်ပင် အုံလိုက်ကျင်းလိုက် သွေးထိုး လှုံ့ဆော် ဝါဒဖြန့်အားပေးစည်းရုံး လုပ်ဆောင်အဖျက်လုပ်နေသည်ကို တွေ့ရသည်။
အနာဂတ် အာရက္ခနိုင်ငံတော်
သမိုင်းကြောင်း ရှည်လျားပြီး နှစ်ပေါင်းထောင်ချီကာ တည်ရှိခဲ့သည့် ရက္ခိုင့်ဘုရင့် နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးမှု နှစ်ပေါင်းနှစ်ရာကျော်ကြာလာသော်လည်း ရခိုင်ပြည်သူအများစုမှာ သီးခြား လွတ်လပ်သည့် ရခိုင့်နိုင်ငံတော် အိပ်မက်ရှိနေကြဆဲဖြစ်သည်ကို တွေ့ရသည်။
နှစ်ပေါင်းနှစ်ရာကျော်အတွင်း ရခိုင်ပြည်ကို ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူတိုင်းသည် ရခိုင်ပြည်သူ လူထု၏ အခြေခံလူ့အခွင့်အရေးများ၊ တရားမျှတလွတ်လပ်ငြိမ်းချမ်းမှုနှင့် လူမှုဘဝအခွင့်အလမ်းများကို မပေးဆောင် ခဲ့ကြပေ။
ထိုရခိုင်ပြည်သူလူထု တစ်ရပ်လုံး၏ သမိုင်းနှင့်ချီသည့် မျှော်လင့်အိပ်မက်ကို အသက်သွင်းဖို့ သေနတ်တစ်လက် အာရက္ခသွေး ၂၆ စက်ဖြင့် ရက္ခိုင့်တပ်တော် (AA)ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် စတင်ကျင့်ကြံ အားထုတ်ခဲ့ကြသည်။ ထိုအာရက္ခသွေး ၂၆ စက်မှာ ရက္ခိုင့်တပ်တော်(AA)ကို စတင်ဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် တပ်ဖွဲ့ဝင်များပင်ဖြစ်သည်။
ရခိုင်ပြည်တွင်းတွင် လက်ရှိတပ်ရင်း တစ်ရင်းကို တပ်ဖွဲ့ဝင်အင်အားသုံးရာနှင့် တပ်ရင်းရာချီဖွဲ့စည်းထားနိုင်ပြီဟု ထုတ်ဖော်မပြောဆိုမီကပင် ''ရက္ခိတိအိပ်မက်''(Arakan Dream 2020)ကို ရခိုင်တိုက်ပွဲစတင်ချိန်တွင် ကမ္ဘာ့သိ
ကြွေးကြော်ထားခဲ့သည်။
“ကျွန်တော်တို့က ဆုံးရှုံးသွားတဲ့ဟာတွေ ပြန်ရဖို့အတွက် တိုက်နေတာဖြစ်တယ်။ ဆုံးရှုံးသွားတဲ့ အရာတွေ ပြန်ရဖို့ဆိုရင် နိုင်အောင်တိုက်ရမှာပဲ။”ဟု အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၁၉ ခုနှစ်ကပင် တရားဝင် ပြောဆိုထားသည့်အပြင် ၂၀၂၅ မတိုင်ခင် အပြောင်းအလဲကြီးတစ်ခု ခန့်မှန်းထားသည်ဟုလည်း ပြောဆိုခဲ့သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့များထဲတွင် လက်စွမ်းအထက်ဆုံးဖြစ်သည့်အပြင် နွေဦးတော်လှန်ရေး အင်အားစု များကို စစ်သင်တန်းများနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးထားနိုင်သည့် အေအေသည် မြန်မာပြည်တွင်းက ရခိုင်ပြည်သူများ လိုချင်သည့် နိုင်ငံရေးအဆင့်အတန်းမျိုး မရလျှင် နိုင်ငံတကာထောက်ခံမှုဖြင့် အမျိုးသား နိုင်ငံတော်တည်ထောင်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာ့နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် အရှိန်မြင့်လာချိန် ရက္ခိုင့်တပ်တော်(AA)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)တို့ တရားဝင် တွေ့ဆုံဆွေးနွေးမှုကို ရက္ခိုင့်ပြည်သူ့အစိုးရဟု NUG က တရားဝင် အသိအမှတ်ပြု ထုတ်ပြန်ထားသည်။
တကျော့ပြန် ရခိုင်စစ်ပွဲပြင်းထန်နေချိန် အေအေက အဆုံးသတ်အတွက် အဆုံးအဖြတ်တိုက်ပွဲဟု ထုတ်ဖော် ပြောဆိုလာသကဲ့သို့ အာဏာသိမ်းစစ်ကောင်စီ၏ အဓိက အတိုက်အခံအင်အားစုအမျိုးသား ညီညွတ်ရေး အစိုးရ(NUG)ကလည်း လာမည့် ၂၀၂၃ ခုနှစ်ကို အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုလာသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ လာမည့် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးပြီး ရွေးကောက်ခံ အစိုးရသစ်ကို အာဏာလွှဲပေးမည်ဟု ပြောဆိုထားပြီး ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အချို့ကို ပြင်ဆင်မည်ဟု ထုတ်ဖော်ပြောဆိုလာသည်။
မြန်မာပြည်ရွေးကောက်ပွဲတိုင်းမှာ ရခိုင်ပြည်ထဲက အများဆုံးအနိုင်ရသည့်ပါတီကို အစိုးရဖွဲ့ခွင့် မပေးခဲ့သည့် အကျိုးဆက်များအပြင် အာဏာသိမ်းစစ်တပ်၏ စစ်သည်အင်အားနှင့် အဖက်ဖက်ကကျဆုံးနေချိန် စစ်သည် အင်အား သောင်းချီ ရှိလာပြီး နိုင်ငံရေးအရ အမြင့်ဆုံးတောင်းဆိုထားသည့် “ကွန်ဖက်ဒရိတ်” အဆင့်ပေးမည့် သတ္တိမျိုး စစ်ခေါင်းဆောင်တွင် ရှိမည်မဟုတ်ပေ။
NUG၏ လွှမ်မိုးထိန်းချုပ်နိုင်မှုနှင့်လည်း မသက်ဆိုင်သလိုဖြစ်နေသည့် ရခိုင်ပြည်သူလူထုသည် “အာရက္ခ နိုင်ငံတော်”အိပ်မက်ကို ရာနှုန်းပြည့်မက်နေကြသည့်အတွက် အေအေအနေဖြင့် အာဏာသိမ်းစစ်တပ်ကို အာရက္ခ ပြည်ထဲက အပြီးတိုင် တိုက်ထုတ်ရမည်မှာ မလွှဲဧကန်ဖြစ်သည်။
ထိုကြောင့် တကျော့ပြန် ရခိုင်စစ်ပွဲသည် မြန်မာပြည်တွင်း စစ်အာဏာရှင်ကို ပထမဆုံး အမြစ်ဖြတ်ချေမှုန်း တိုက်ထုတ်နိုင်သည့်နယ်မြေဖြစ်လာပြီး မြန်မာပြည်ထဲက နိုင်ငံငယ်တစ်ခုဖြစ်လာမည့်အတွက် ပြည်သူလူထု အများအပြား ထိခိုက်ကာ မြို့ပျက်ကြီးများဖြစ်သည့်အထိ အပြင်းထန်းဆုံး အဆုံးသတ်တိုက်ပွဲကြီး ဖြစ်လာ တော့မည်ဖြစ်သည်။

BNA

0 comments:

Post a Comment