Wednesday, October 5, 2022

နိုင်ငံရဲ့ စီးပွားရေး ဦးမော့နေပြီလို့ စစ်ခေါင်းဆောင်ပြော ပြည်မြို့မှာ လျှပ်စစ်ရထားပြေးဆွဲဖို့ ရည်ရွယ်နေကြောင်းထပ်ပြောပြန်

နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ပြန်လည်ဦးမော့နေပြီဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အခက်အခဲရှိနေရင် နိုင်ငံတော်က ချေးငွေထုတ်ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
အောက်တိုဘာ၄ရက်နေ့ကပြည်မြို့မှာအသေးစား၊အငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းရှင်(MSME) တွေနဲ့ မနေ့အောက်တိုဘာ ၄ ရက်နေ့ကတွေ့ဆုံချိန်မှာပြောကြားခဲ့တာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာဖော်ပြလာတာပါ။
ရှေးဟောင်းယဥ်ကျေးမှု နယ်မြေဖြစ်တဲ့ ပြည်မြို့မှာ ကိုဗစ်ရောဂါကြောင့် ခရီးသွားလာရေးကျဆင်း ခဲ့တာကြောင့် ဖြေလျော့မှုတွေလုပ်ပေးဖို့နဲ့ သက်သာတဲ့အတိုးနှုန်းနဲ့ချေးငွေထုတ်ပေးဖို့ ပြည်ခရိုင်ထဲက (MSME) လုပ်ငန်းရှင်တချို့က ပြောဆိုတာတွေလည်းတွေ့ရပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌကတော့ နိုင်ငံရဲ့ စီးပွားရေးဦးမော့ လာပြီဖြစ်လို့ (MSME) လုပ်ငန်းတွေကို ချေးငွေထုတ်ပေးဖို့ ဆောင်ရွက်ပေးမယ်လို့ ပြန်ပြောခဲ့ပေမယ့် ဘယ်အချက်တွေက နိုင်ငံရဲ့ စီးပွားရေး ဦးမော့နေတာကိုထောက်ပြနေကြောင်းတော့ ပြောသွားတာမတွေ့ရပါဘူး။
အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာတော့ အခွန်တိမ်းရှောင်သူတွေမရှိစေလို့ နိုင်ငံတော်ကိုပေးသွင်းရမယ့် အခွန်အခတွေအပြည့်အဝပေးသွင်းဖို့ နဲ့ကိုဗစ်ချေးငွေတွေကို အချိန်မှီပြန်ဆပ်ဖို့ ပြောဆိုတာလည်းရှိခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဥက္ကဋ္ဌရဲ့ မိန့်ခွန်းတွေမှာ မကြာခဏပြောလေ့ရှိတဲ့ လျှပ်စစ်ရထားလမ်းစီမံကိန်းကိုလည်း ရှေးဟောင်းယဥ်ကျေးမှုနယ်မြေပြည်ခရိုင်ထဲမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း ထပ်ပြောသွားပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းမငြိမ်မသက်မှုတွေနဲ့ ကုန်စျေးနှုန်းကြီးမြင့်တဲ့ အထွေထွေအကျပ်အတည်းတွေကြား တိုင်းပြည်စီးပွားရေးကျဆင်းနေကြောင်း နိုင်ငံတကာရဲ့ သုံးသပ်ချက်တွေ ကမ္ဘာဘဏ်က မြန်မာ့စီးပွားရေးကိုခန့်မှန်းမရဖြစ်နေချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောဆိုချက်တွေအပေါ်တေ့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာကြောင့် လူထုနေ့စဥ်ဘဝအကျပ်အတည်းဖြစ်နေချိန်မှာလည်း လျှပ်စစ်ရထားလမ်း၊ ကားလမ်း စီမံကိန်းတွေလုပ်မယ်လို့ အကြိမ်ကြိမ်ထုတ်ပြော နေတာကိုလည်း လူမူကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

ဘီဘီစီ

0 comments:

Post a Comment