Tuesday, October 11, 2022

ဒေါ်လာ ၅၂ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် တိုယိုတာကုမ္ပဏီ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်မှုစတင် - Hilux ပစ်ကပ်ကားများ ထုတ်လုပ်နေပြီး အမှာစာတွေ စတင်လက်ခံနေ


ဂျပန်နာမည်ကြီး တိုယိုတာမော်တာက မြန်မာနိုင်ငံမှာ စက်ရုံဖွင့်လှစ်ပြီး ၎င်းတို့ရဲ့ မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီလို့ ဂျပန်သတင်းဌာန Nikkei Asia က ရေးသားဖော်ပြထားပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်မှာ တည်ရှိတဲ့ ကားစက်ရုံကို ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီမှာ စတင်လည်ဖို့ စီစဉ်ခဲ့ပေမယ့် နိုင်ငံရေးနဲ့ စီးပွားရေး ကမောက်ကမဖြစ်ခဲ့မှုကြောင့် ၁၉ လအကြာမှပဲ လည်ပတ်နိုင်ခြင်း ဖြစ်ပါတယ်။
တိုယိုတာဘက်က ဩဂုတ်လနှောင်းပိုင်းမှာ စီးပွားဖြစ်လုပ်ငန်းတွေ စတင်နိုင်ဖို့ ၎င်းတို့ရဲ့ အစီအစဉ်ကို အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု အာဏာပိုင်တွေထံ တင်ပြခဲ့တယ်လို့ သိရှိရပါတယ်။
သတင်းရင်းမြစ်တွေအရ Hilux ပစ်ကပ် ထရပ်ကားတွေကို တပ်ဆင်တဲ့ စက်ရုံက ပြီးခဲ့တဲ့ စက်တင်ဘာလတည်းက အသေးစားထုတ်လုပ်မှုတွေနဲ့ စတင်လည်ပတ်ခဲ့ပြီး လစဉ်ထုတ်လုပ်နိုင်မှုက ဒါဇင်အနည်းငယ်သာ ရှိမယ်လို့လည်း မျှော်လင့်ရပါတယ်။
ပြည်တွင်းက တိုယိုတာ အရောင်းကိုယ်စားလှယ်တွေအနေနဲ့ Hilux ပစ်ကပ်ကားများအတွက် အမှာစာကို အင်္ဂါနေ့က စတင်လက်ခံနေပြီး ထုတ်လုပ်မှုကို ကန့်သတ်ထားလို့ ပေးပို့မယ့်ရက် အတိအကျကိုတော့ အာမခံမခံနိုင်ကြောင်း ကိုယ်စားလှယ်တစ်ဦးက Nikkei Asia ကို ပြောပါတယ်။
၂၀၁၉ ခုနှစ် မေလမှာ ကြေညာခဲ့တဲ့ မူလအစီအစဉ်အရ တိုယိုတာက တစ်နှစ်ကို Hilux ပစ်ကပ်အစီးရေ ၂,၅၀၀ ထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ ၅၂ သန်းကျော် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး တိုယိုတာရဲ့ မြန်မာယူနစ်ကို Toyota က ၈၅ ရာခိုင်နှုန်းနဲ့ Toyota Tsusho က ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။
ဇန်နဝါရီမှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှာ မော်တော်ယာဉ်ရောင်းချမှုက အစီးရေ ၆,၅၀၀ ခန့်သာ ရှိခဲ့ပြီး ဒီအရေအတွက် ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ် မတိုင်ခင်ကထက် ထက်ဝက်ကျော် ကျဆင်းသွားခဲ့ပါတယ်။
ယခုလို အရောင်းနှေးသွားရခြင်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံခြားအရန်ငွေ စီးဆင်းမှုကို ဟန့်တားဖို့ နစကဘက်က မော်တော်ကားနဲ့ အစိတ်အပိုင်း တင်သွင်းမှုကို ကန့်သတ်ခဲ့တာကြောင့် နိုင်ငံအတွင်း မော်တော်ယာဉ်ထုတ်လုပ်မှု အခက်အခဲကို ထင်ဟပ်စေခဲ့ပါတယ်။
သတင်း - BETV Business

0 comments:

Post a Comment