Monday, October 17, 2022

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မဲရုံတည်နေရာတွေ သတ်မှတ်ဖို့ ပြင်ဆင်လာ


မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စိစစ်တာအပါအဝင် မဲရုံအရေအတွက်နဲ့ မဲရုံတည်နေရာ လျာထားသတ်မှတ်ဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်လာပါတယ်။
စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်ကစပြီး မွန်ပြည်နယ်ရဲ့ ပေါင်၊ ကျိုက်မရောနဲ့ ချောင်းဆုံမြို့နယ်တို့မှာ ရွေးကောက်ပွဲအတွက် ကြိုတင်မှုတွေကို စတင် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း လာမယ့်ရွေးကောက်ပွဲမှာ အသုံးပြုမယ့် အထောက်အကူပြုပစ္စည်းတွေအတွက် တင်ဒါခေါ်ယူမှုတွေကို စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေကနေ ကြေညာထားတာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးသွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်တဲ့ အပစ်ရပ်စာချုပ် (NCA) ချုပ်ဆိုခြင်း ၇ နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒါပေမယ့် နိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာနေချိန်မှာ လာမယ့် အထွေထွေရွေးကောက်ပွဲကို ဘယ်အချိန် ကျင်းပမယ်ဆိုတာကိုတော့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာ မရှိသေးပါဘူး။
မြန်မာနိုင်ငံ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးကွန်ယက် တာဝန်ရှိသူ တစ်ဦးကတော့ ရွေးကောက်ပွဲဥပဒေဟာ အားနည်းချက်တွေ ရှိနေတာကြောင့် စစ်ကောင်စီက သူတို့ ထွက်ပေါက်အတွက် ရတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်လာနိုင်တယ်လို့ သုံးသပ်တာပါ။
“စစ်ကောင်စီကနေ ရွေးကောက်ပွဲကျင်းပဖို့အတွက် အနည်းဆုံး ဘယ်နှမြို့နယ်ကျင်းပရမယ်ဆိုတာ ရွေးကောက်ပွဲဥပဒေမှာ မပါဘူး။ ကျွန်တော်တို့ ရွေးကောက်ပွဲဥပဒေမှာ မြို့နယ် ၃၃၀ ကို အခြေခံပြီး ကျင်းပရမယ်၊ အများဆုံး မြို့နယ် ၃၃၀ လို့ ပြောထားပြီး ဥပဒေထဲမှာ အနည်းဆုံးဆိုတာ မထည့်ထားဘူး။အဲဒါဆို စစ်ကောင်စီက သူ့ရဲ့ထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲကျင်းပလို့ ရတဲ့ နေရာတွေကိုပဲ ကျင်းပဖို့ ပြင်ဆင်မှာပဲ။ပြည်မမှာ ကျင်းပလို့ရတဲ့နေရာတွေကို ရွေးကောက်ပွဲပြင်ဆင်နေတယ်။အဲဒါ သူ့ရဲ့ အငြင်သာဆုံး ထွက်ပေါက်ပေါ့” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် မဲစာရင်းတွေကို စိစစ်ရာမှာလည်း စစ်ကောင်စီအနေနဲ့ လဝကရဲ့ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆) ကိုသာ အခြေခံတဲ့အတွက် လူဦးရေအတိအကျနဲ့ မဲစာရင်းအတိအကျရဖို့ မဖြစ်နိုင်ဘူးလို့လည်း သူက ထောက်ပြတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလ ၆ လ သက်တမ်း ထပ်တိုးခဲ့ပြီး လက်ရှိမှာတော့ လေးလသက်တမ်း ကျန်ရှိနေတာပါ။
အဲဒီ သက်တမ်းဟာ လာမယ့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ကုန်ဆုံးမှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နောက်ခြောက်လအတွင်း ရွေးကောက်ပွဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ပေါင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ သခင်မျိုးဆက်ကလည်း စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို မရရအောင် ဖျက်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
“ဒီရွေးကောက်ပွဲကို ဖြစ်မြောက်အောင်လုပ်ရင် ကျွန်တော်တို့ ကလည်း မဖြစ်မြောက်အောင် ပြန်ဖျက်ရမယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်။ပြည်သူလူထုလည်း ရွေးကောက်ပွဲကို မဖြစ်စေချင်ဘူး။ရွေးကောက်ပွဲက တရားမျှတမှု မရှိနိုင်တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲက ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။ ဝန်ထမ်းတွေအနေနဲ့ မကြောက်ဘူးဆိုရင်တော့ ရွေးကောက်ပွဲမှာ ပါဝင်ပေါ့၊ဘယ်သူဖြစ်ဖြစ် ပါဝင်လို့လည်း ရပါတယ်။ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ပါဝင်တဲ့လူတိုင်းကို သူတို့ရဲ့ အသက်အာမခံကို ပေးလို့တော့ မရဘူး” လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရပြီး အင်အားကြီး တိုင်းရင် းသား လက်နက် ကိုင်တပ်ဖွဲ့တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်၊မြောက်ပိုင်းဒေသဦးစီးကော်မတီဝင်တစ်ဦးကလည်း စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေဟာ ကိုယ်ကျိုးအတွက် ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
“အဓိကတော့ ကျွန်တော်တို့ မွန်ပြည်မှာ ဖြစ်နေတာပေါ့ဗျာ။ကျေးရွာနဲ့ မြို့နယ်တစ်ချို့မှာ မဲစာရင်းကောက်တယ်၊စည်းရုံးရေး လုပ်တယ်။ဆိုတော့ ဒါတွေက အိမ်ရှင်လက်ခံလို့ ဖြစ်နေတဲ့ ပြဿနာတွေပေါ့။အိမ်ရှင်လက်မခံတဲ့ တိုင်းရင်းသားဒေသတွေမှာ ဘယ်လုပ်လို့ ရမလဲ။ဒါကြောင့် စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို မျှော်လင့်ပြီး လူမျိုးအတွက် ပြည်သူအတွက်လို့ အော်နေတဲ့ ပါတီတွေဟာ ကိုယ်ကျိုးမျှော်နေတယ်လို့ပဲ မြင်ပါတယ်” လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ဆိတ် သုဉ်းလာနေချိန်မှာ စစ်ကောင်စီအနေနဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့ပြ၊ ကျေးလက်တွေမှာ ရွေးကောက် ပွဲကို အတင်းပြုလုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူက သုံးသပ်ကြပါတယ်။
စက်တင်ဘာ ဒုတိယပတ်တုန်းက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့(SAC- Myanmar) ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၇၂ မြို့နယ်ကိုသာ အပြည့်အဝထိန်းချုပ်နိုင်တော့တယ်လို့ ဖော်ပြထားတာပါ။
မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက်အတွင်းဝန် မစ္စမယ်လီဇာဘရောင်းကလည်း လက်ရှိအချိန်ဟာ ရွေးကောက်ပွဲကျင်းပဖို့ အချိန်မတန်သလို မတည်ငြိမ်မှုတွေ ပိုဖြစ်ဖို့ လှုံ့ဆော်ပေးရာကျတယ်လို့ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို လက်တွေ့ကျကျ တုံ့ပြန်ဖို့ မပျက်ပျက်အောင် ဖျက်မယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြောဆိုထားပါတယ်။
သတင်း - သံလွင်တိုင်းမ်

0 comments:

Post a Comment