Tuesday, October 11, 2022

စကစပြုလုပ်မည့် ရွေးကောက်ပွဲ ခွေးခေါင်းချိတ်၍ ဆိတ်သားရောင်းခြင်းသာဖြစ်ဟုဆို

အကြမ်းဖက် စစ်ကောင်စီကပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲသည် ခွေးခေါင်းချိတ်၍ ဆိတ်သားရောင်း ခြင်းသာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်ကြည်က ပြောဆိုလိုက်သည်။
“အခုလည်း သူ (စကစ) က နိုင်ငံတကာတရားဝင်မှုကို ပြသချင်တဲ့အခါကျတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး အသံကောင်းဟစ်လာတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက အတုယောင်ရွေးကောက်ပွဲပါ။ သူ(စကစ)လုပ်မယ့် ရွေးကောက်ပွဲပဲဖြစ်ဖြစ်၊ သူလုပ်နေတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းတာပဲဖြစ်ဖြစ် ဒါဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့်လုပ်ရပ်တွေဖြစ်တယ်။ သူက (စကစ) ငြိမ်းချမ်းလိုတဲ့စိတ်လည်း မရှိဘူး။ သင့်မြတ်လိုစိတ်လည်း မရှိဘူး” ဟု အဆိုပါနိုင်ငံရေးအကျဉ်းသားဟောင်းက MPA သို့ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် လက်ရှိနေထိုင်ရာဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်း လဝကပုံစံ ၆၆/၆ ရရှိမည့်အပြင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့်ရလက်မှတ်နှင့် အမျိုးသားမှတ်ပုံတင်ကတ်တစ်မျိုးမျိုးကိုင်ဆောင်ထားမှသာ မဲစာရင်း တွင်ပါဝင်ပြီး မဲပေးနိုင်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ညွှန်ကြားထားသည်။
“အကြမ်းဖက်စစ်အုပ်စုကတော့ ရွေးကောက်ပွဲလုပ်မယ်။ မကြာသေးခင်ကရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တင်ဒါတွေခေါ်တယ်။ သူ့(စကစ)အောက်မှာရှိတဲ့ သံရုံးတွေကို ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြင်ဆင်ထားဖို့ လှမ်းညွှန်ကြားတယ်။ သူ့(စကစ)ရဲ့ နိုင်ငံရေးထွက်ပေါက်ပေါ့။ သူ(စကစ)ဟာ တော်တော် လေးကို အထွေထွေအကျပ်အတည်းတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်” ဟု ဦးထွန်ကြည်က ထပ်မံပြောဆို သည်။
အကြမ်းဖက်စစ်ကောင်စီအနေနှင့် နေပြည်တော်တွင်တာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းများ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် လက်ရှိနေထိုင်သောမြို့နယ်များ၏မဲစာရင်းတွင် ပါဝင်နိုင်ရန် အိမ်ထောင်စုလူဦးရေစာရင်း လဝကပုံစံ ၆၆/၆ ဖြင့် ပြောင်းရွေ့နေထိုင်စေရေး ဖိအားပေး စေခိုင်မှုများရှိနေသည်။
“ယာယီသမ္မကြီးကိုယ်တိုင် ပြောပြီးပါပြီ။ စစ်ကောင်စီရွေးကောက်ပွဲက မုချပျက်မှာပါ။ ရွေးကောက်ပွဲ အပေါ် လူထုရဲ့ယုံကြည်မှုနဲ့ နယ်မြေစိုးမိုးမှုမရှိဘဲ ရွေးကောက်ပွဲမအောင်မြင်နိုင်ပါဘူး။ မဲရုံတွေ အကုန် လုံး တပ်တွင်းမှာပဲထားဖို့က မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် စစ်ကောင်စီရွေးကောက်ပွဲက ပျက်ကို ပျက်မှာပါ” ဟု CDM ဗိုလ်ကြီးဗစ်တာက မှတ်ချက်ပြုသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေရာ ထိုရွေးကောက်ပွဲမှ နိုင်ငံရေးထွက်ပေါက်မရှိစေရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇၁ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ညွှန်ကြားထားသည်။

MPA

0 comments:

Post a Comment