Wednesday, October 26, 2022

မြန်မာ့အရေး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူ ဖိအားပေးဖို့ အာဆီယံကို အမေရိကန် တိုက်တွန်း

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်အစည်းအဝေးမှာ စစ်ကောင်စီကို ဖိအားပေးဖို့ အာဆီယံကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် နိုဝင်ဘာလအာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် အခုလိုအရေးပေါ်တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဖိအားပေးဖို့ကိုလည်း အမေရိကန်က တိုက်တွန်းပါတယ်။
အရှေ့အာရှဒေသဆိုင်ရာအမေရိကန် ထိပ်တန်းသံတမန်ဒန်နီရယ် ခရစ်တန်ဘရင့်ခ်က မြန်မာမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သွားနေတဲ့ တိုးတက်မှုအားလုံးဟာ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာစစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်အလုံးစုံပျက်စီးခြင်းကို ဦးတည်သွားခဲ့ပြီလို့ ပြောပါတယ်။
"အရပ်သားတွေကို သတ်ဖြတ်တာ၊ စာသင်ကျောင်းတွေကို ဗုံးခွဲတာ၊ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာ၊ ကျောင်းဆရာတွေကို သတ်ဖြတ်တာ စတဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို စစ်တပ်က ကျူးလွန်နေတယ်။ ဒါကြောင့် အခုကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်တွေကို ပိုပြီးဖိအားပေးဖို့ အမေရိကန်က ပြင်းပြင်းထန်ထန် တောင်းဆိုတာဖြစ်တယ်။ ကျွန်တော်တို့ဆီမှာလက်တွေ့ကျတဲ့ အကြံဥာဏ်တွေလည်း ရှိပြီးသားပါ” လို့ သူက မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးဌာနမှာ မနေ့က ပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်ပွားနေတာကိုအမေရိကန်က လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
“မြန်မာမှာအကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်နေတာကိုကျွန်တော်တို့ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ နောက်နှစ်ထဲမှာ စစ်ကောင်စီက ကျင်းပဖို့ ပြင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး” လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ဘယ်လိုအရေးယူမှုတွေဆက်လုပ်မယ်ဆိုတာကိုတော့ တိတိကျကျထည့်သွင်းပြောကြားသွားတာမရှိပါဘူး။
ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့အရေးပေါ်ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး စစ်ခေါင်းဆောင်ကို လာမယ့်ထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကို ဆက်လက်မဖိတ်ကြားဖို့အရေး ဆွေးနွေးဖွယ်လည်းရှိနေပါတယ်။

ဓာတ်ပုံ-CNA
BBC

0 comments:

Post a Comment