Wednesday, October 5, 2022

လကမ္ဘာပုံတူ အပန်းဖြေစခန်းကို ယူအေအီးတွင် တည်ဆောက်မည်

ကနေဒါအခြေစိုက် အပန်းဖြေကုမ္ပဏီတစ်ခုဟာ ကမ္ဘာတစ်၀ှမ်း လပုံစံတူ ဧရာမ အပန်းဖြေစခန်းတွေ တည်ဆောက်ဖို့ စီစဥ်နေပါတယ်။
လပုံတူဟာ အမြင့် ၇၃၅ ပေ၊ အချင်း ၂၀၄၂ ပေ ရှိမှာဖြစ်ပြီး၊ ချိုင့်ခွက်တွေ၊ တောင်တန်းတွေအပါအ၀င် လ,နဲ့ အသေးစိတ်ပုံစံတူအောင် ဖန်တီးမှာ ဖြစ်ပါတယ်။
"လရဲ့ မျက်နှာပြင်ပေါ်မှာ လမ်းလျှောက်ရတဲ့ ဖီလင်မျိုး ခင်ဗျားတို့ ဘ၀မှာ ခံစားရတာ့မှာပါ" လို့ Moon World Resorts ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဟန်ဒါဆန်က ပြောပါတယ်။
ပထမဆုံး လပုံစံတူ အပန်းခြေစခန်းကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမှာ တည်ဆောက်မှာပါ။
ဟန်ဒါဆန်က ယူအေးအီးဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်၀င်စားရာ နေရာဖြစ်သလို၊ ဧရာမ အဆောက်အဦး စီမံကိန်းတွေ အခြေတည်ရာ ဒေသဖြစ်တဲ့အတွက် ရွေးချယ်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
Moon World Resorts ကုမ္ပဏီဟာ မြောက်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ အာရှတိုက်တွေမှာ လပုံစံတူ အပန်းဖြေစခန်း တစ်ခုစီ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။
ဧရာမလပုံတူကို တည်ဆောက်ရမှာဖြစ်တဲ့အတွက် နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပမယ့် ကမ္ဘာတစ်၀ှမ်းက ထိပ်တန်း အင်ဂျင်နီယာတွေ၊ ဗိသုကာပညာရှင်တွေနဲ့ ပူးပေါင်းကာ ကျော်ဖြတ်သွားမယ်လို့ Moon World Resorts ကို ပူးတွဲတည်ထောင်သူ နောက်တစ်ဦးဖြစ်တဲ့ ဆန်ဒရာ ဂျီ မက်သယူးက ပြောကြားခဲ့ပါတယ်။
မက်သယူးတို့ ကုမ္ပဏီဟာ ကန်ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။
အာကာသ အစားထိုး
Moon World Resorts ရဲ့ လ,အပန်းဖြေစခန်းဟာ မကြာမီ အကောင်အထည်ပေါ်လာတော့မယ့် အာကာသခရီးသွားလုပ်ငန်းကို အစားထိုးဖို့လည်း ရည်ရွယ်ပါတယ်။
ဟန်ဒါဆန်က အာကာသခရီးသွားရင် တစ်ယောက်ကို အနည်းဆုံး ဒေါ်လာ ၄၅၀၀၀၀ လောက် ကုန်ကျမှာဖြစ်ပြီး သူတို့ရဲ့ လ,အပန်းဖြေစခန်းကို လာရောက်လည်ပတ်မယ်ဆိုရင် ဒေါ်လာ ၅၀၀ ပဲ ကုန်ကျမယ်လို့ ပြောပါတယ်။
လ, အပန်းဖြေစခန်းမှာ အာကာသကို ရောက်နေတဲ့ ပုံစံမျိုး ခံစားရအောင် စီစဥ်ထားမယ်လို့လည်း သူက ဆိုပါတယ်။
Moon World Resorts ရဲ့ ပထမဆုံး လ,အပန်းဖြေစခန်းကို ၂၀၂၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ စီစဥ်ထားပါတယ်။

Ref: CNN
M-Media

0 comments:

Post a Comment