Wednesday, October 5, 2022

လန်ဒန်ရှိ ဘီဘီစီမြန်မာပိုင်း ဝန်ထမ်းများ အလုပ်ရပ်နားခံရဖွယ်ရှိဆိုသော သတင်းများ ထွက်ပေါ် ၊ ပြည်တွင်းတွင် အခြေစိုက်ပါက စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ပြရန် ခက်ခဲနိုင်


ဗြိတိန်၊ လန်ဒန်ရှိ ဘီဘီစီမြန်မာပိုင်းဌာနမှ ဝန်ထမ်းများ အလုပ်ရပ်နားခံရဖွယ်ရှိသည်ဆိုသော သ တင်းများ ထွက်ပေါ် လာနေပြီး အမည်မဖော်လိုသည့် ဘီဘီစီ၏ ဝန်ထမ်းတချို့က အလုပ်နားခံရဖွယ်ရှိသည့် အခြေအနေများ ရှိလာနိုင်သည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဘီဘီစီမြန်မာပိုင်းဌာန၏ လန်ဒန်မြို့ရှိ ဝန်ထမ်းများကို အလုပ်ဖြုတ်ကာ မြန်မာပိုင်းသတင်းဌာနအနေဖြင့် မြန်မာ ပြည်တွင်းသို့ရွှေ့ပြောင်းဖွယ်ရှိကြောင်း၊ ဘီဘီစီမြန်မာပိုင်းက ပြည်တွင်းသို့ သွားရောက်၍ ညှိနှိုင်းမှုများရှိခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဘီဘီစီတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခြင်းမှာ ဘီဘီစီမြန်မာပိုင်းဌာန တစ်ခုတည်းမဟုတ်ဘဲ BBC World Service တစ်ခုလုံး၏ လန်ဒန်မြို့ရှိဝန်ထမ်းများကို အလုပ်ဖြုတ်ကာ သက်ဆိုင်ရာနိုင်ငံများအတွင်းသို့ သတင်းဌာနများ ရွှေ့ပြောင်းရေး အစီအစဥ်ဖြစ်ကြောင်း၊ ဘီဘီစီမြန်မာပိုင်းဌာနနှင့်အတူ ထိုင်း ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ကိုရီးယား ၊ တရုတ် ၊ ဘင်္ဂါလီ ၊ ဟင်ဒီသတင်းဌာနများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ရွှေ့ပြောင်းမည်ဟု BBC World Service ဘက်ကထုတ်ဖော်ကြေညာထားကြောင်း သိရှိရသည်။
အာရေဗျ ၊ ပါရှန်း ၊ ဥဇဘက် ၊ ကာ့ဂျစ် ၊ ဟင်ဒီ ၊ ဘင်္ဂါလီ ၊ တရုတ် ၊ အင်ဒိုနီးရှား ၊ တမီလ်နှင့် အူရဒူဌာနများ၏ ရေဒီယို အစီအစဥ်များကိုဖျက်သိမ်းမည်ဖြစ်ကြောင်း၊ ဘီဘီစီသတင်းဌာနတစ်ခုလုံးအတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ စတာလင်ပေါင် ၂၈၅ သန်းလျှော့ချခံရသဖြင့် BBC World Service ၏ လည်ပတ်ငွေထဲမှ စတာလင်ပေါင် ၂၈ သန်းကိုချွေတာရန် ယခုအစီအစဥ်ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
BBC World Service ၏ အခြားဘာသာ ဌာနများတွင် လက်ရှိဆောင်ရွက်နေသော ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဥ်ထုတ်လွှင့်မှုများကို အွန်လိုင်းရေးသားမှုများဖြင့် အစားထိုးသွားရန် စီစဥ်ထားကြောင်း၊ ဘီဘီစီ မြန်မာပိုင်းဌာနအတွက်မူ ထူးခြားသောပြည်တွင်း နိုင်ငံရေးအခြေအနေကြောင့် ရုပ်မြင်သံကြားနှင့်ရေဒီယိုအစီအစဥ်များကို ကာလတို တစ်ခုအကြာအထိ ဆက်လက်ထားရှိဦးမည်ဟု သိရှိရသည်။
သို့ရာတွင် လန်ဒန်မြို့ရှိ မြန်မာဝန်ထမ်းအများအပြားကို ဖယ်ရှားခံရဖွယ်ရှိပြီး ပြည်တွင်းသို့ ဘီဘီစီရုံးပြောင်းရွှေ့ ဖွယ်ရှိသည်ဆိုသော သတင်းများက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် ဘီဘီစီ မြန်မာပိုင်းဌာနသို့ အခြေအနေများ သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း ယင်းအခြေအနေများမှာ ဖြေဆိုခွင့်မရှိ၍ သက်ဆိုင်ရာ ဘီဘီစီဌာနချုပ်ကိုသာ ဆက်သွယ်မေးမြန်းရန် အကြောင်းပြန်သည်။
ဘီဘီစီဌာနချုပ်ထံသို့ ရန်ကုန်ခေတ်သစ်က အီးမေးလ်ပို့ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ဝါရင့်သတင်းသမားတစ်ဦးကို ဘီဘီစီ မြန်မာပိုင်းအနေဖြင့် ပြည်တွင်းသို့ ပြောင်း ရွှေ့ပါလျှင် မည်သည့် အကျိုးဆက်များဖြစ်နိုင်သနည်းဟု မေးမြန်းရာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်များ ဆုံးရှုံးသွားနိုင်ကြောင်း၊ လက်ရှိ အုပ်ချုပ်နေသူများနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်၍ ပြည်သူလူထုထံ သတင်းအမှန် ပို့ရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။
"လက်ရှိ ပြည်တွင်းမှာ ရပ်တည်နေတဲ့ ဘယ်မီဒီယာကများ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပြည်သူတွေကို သတ်ဖြတ် ညှဉ်းပန်းနေတာကို ရေးနိုင်လို့လဲ။ စစ်တပ်ရဲ့ မတရားလုပ်နေတာတွေကို ရေးသားဖော်ပြနိုင်တဲ့ မီဒီယာတွေအားလုံးက စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က ကင်းလွတ်နေမှ ရေးသားနိုင်တာပါ။ ဒီလိုအချိန်မှာ ပြည်တွင်းထဲဝင်တယ်ဆိုရင်တော့ ညှိနှိုင်းဝင်ရမှာမို့လို့ သတင်းမှန်သိပိုင်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို သေချာပေါက် ထိခိုက်နိုင်မယ်လို့ထင်ပါတယ်" ဟု သုံးသပ်ပြောဆိုသည်။

khit thit

0 comments:

Post a Comment