Monday, October 17, 2022

ခန္တီးထောင်ဖောက်ခံရမှုဖြစ်ပွား ၊ အချုပ်သား ၁၄ ဦးလွတ်မြောက်နေတယ်လို့ဆို

စစ်ကိုင်းတိုင်း ခန္တီးမြို့ ခန္တီးထောင်ဖောက်ခံရမှု ဒီကနေ့အောက်တိုဘာ ၁၈ရက်မနက်အစောပိုင်း မှာဖြစ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ကနဦးမှာ အချုပ်သား ၁၆ ဦးခန့် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၂ ဦးကိုပြန်လည်ဖမ်းမိတာကြောင့် ၁၄ ဦးကို အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပိုက်စိပ်တိုက်ရှာဖွေနေတယ်လို့ ‌မြေပြင်အခြေအနေသိရှိသူတွေကပြောလာပြီးဘီဘီစီအနေနဲ့ ဒါကို သီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူတွေက တာဝန်ကျရဲတပ်သားတွေရဲ့ လက်နက်အချို့ကိုလည်းယူဆောင်သွားတယ်လို့ဆိုပါတယ်။ ထောင်ဖောက်ခံရလို့ ဒီနေ့ မနက် ၆နာရီလောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အနှံ့ပိုက်စိပ်တိုက်ရှာဖွေရေးတွေလုပ်နေသလို ရေလမ်း၊ကုန်းလမ်း အားလုံးကို ပိတ်ဆို့စစ်ဆေးနေတယ်လို့မြို့ခံအချို့ကပြောပါတယ်။
'' ကားတွေနဲ့လှည့်ပတ်ရှာနေတယ်။ စစ်ကြောင်းတွေထိုးနေတယ်။ခန္တီးအထက်ပိုင်းသွားမယ့်မော်တော်တွေ စုန်မယ့်မော်တော်တွေအကုန်လုံးကို ပိတ်လိုက်တယ်။ စစ်နေတယ်။ မြို့ထဲမှာ စစ်ကြောင်းထိုးနေတယ်။ ကားတွေနဲ့ပတ်စစ်နေတယ်'' လို့ ဒေသခံတစ်ယောက်ကပြောပြပါတယ်။
လက်ရှိမှာ ထောင်အတွင်း နိုင်ငံရေးအမှုနဲ့ အကျဥ်းကျခံနေရသူအယောက် ၂၀ နဲ့ ၃၀ကြားရှိပြီးပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကေအိုင်အေအဖွဲ့ကနေ ဖမ်းဆီးခံထားရသူအချို့လည်းရှိတယ်လို့ဆိုပါတယ်။
ခန္တီးထောင်ဖောက်ခံရတယ်ဆိုတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီးစစ်ကောင်စီကသတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ခန္တီးမြို့ ကနေ ၃မိုင်လောက်သွားရတဲ့ ခန္တီး - နန်စီပွန်လမ်းမှာရှိတဲ့ အဲဒီထောင်ဟာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေခေတ်အဆက်ဆက်အကျဥ်းကျခံခဲ့ရတဲ့ထောင်ဖြစ်ပါတယ်။

BBC

0 comments:

Post a Comment