Monday, October 17, 2022

ကျိုက်ထီးရိုးတောင်ခြေပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး ဘုရားပတ်ဝန်းကျင်တွင် ကင်းပုန်းချထား

မွန်ပြည်နယ်၊ ‌ကျိုက်ထိုမြို့တွင် ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ တောင်တက်ကားဂိတ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့က ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီဘက်မှ တောင်ခြေရှိ တောင်တက်ကားဂိတ်တွင်သာမက ကျိုက်ထီးရိုးဘုရားပတ်ဝန်းကျင်တွင် ကင်းပုန်းများ ချထားကြောင်း သိရသည်။
"ပစ်ခတ်မှုဖြစ်ခဲ့ကားဂိတ်ဝန်းကျင်ကဆိုင်တွေကတော့ ပိတ်ထားတယ်၊ ဘုရားကတော့မပိတ်ဘူး၊ လာတဲ့သူလည်းလာနေသေးတယ်၊ အရင်ကထက်တော့နည်းသွားတယ်၊ ပြောရမယ်ဆိုရင်တော့မလာစေချင်သေးဘူးဘုရားဖူးခရီးသွားတွေကို၊ တောင်ခြေကကျေးရွာတွေမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်" ဟု ကျိုက်ထိုဒေသတွင်းသတင်းရင်းမြစ်တစ်ခုဖြစ်သည့် KRINမှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကင်းမွန်းစခန်းတောင်တက်ကားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံတပ်များနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဘုရားဖူးခရီးသည်များလာရောက်မှု နည်းပါးသွားသော်လည်း လာရောက်မှုများရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရပါသည်။
ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ဈေးဆိုင်အချို့မှာပိတ်ထားပြီး အချို့မှာ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့်က ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေပြီး တောင်ခြေရှိရွာများတွင် ဒေသခံ PDF များနှင့် ထိတွေတိုက်ပွဲများဖြစ်ပွားနေကြောင်း KRIN ထံမှ သိရသည်။
ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုရားဖူးအမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိကာ ကင်းမွန်းချောင်းရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၃ ဦးလက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ကြောင်း KNU၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment